“ဘယ်အချိန် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလဲ”

“ဘယ်အချိန် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလဲ”

သမိုင်းဝင် လွှတ်တော် အသစ်တွေ အောင်အောင်မြင်မြင်နဲ့ ဖွဲ့စည်းလို့ ပြီးသွားချိန်မှာ ပြည်သူတွေ စိတ်ဝင်စားမှု မြင့်တက်လာတဲ့ ကိစ္စတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ဘယ်လိုနည်းလမ်းတွေ ရှိသလဲ၊ ဘယ်လိုလုပ်ရင် ရနိုင်သလဲ၊ ဘယ်အချိန် လုပ်လို့ရမလဲ၊ အကျိုးအပြစ်က ဘာတွေ ဖြစ်လာမလဲ ဆိုတဲ့ မေးခွန်းမျိုးတွေပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် မေးခွန်းကတော့ လုံးဝပြောင်းလဲသွားပါပြီ။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းတော့ မဟုတ်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန် သမ္မတ ဖြစ်လာမလဲ ဆိုတဲ့ မေးခွန်းပါ။ အခု အဲဒီမေးခွန်းကို ဖြေဖို့ ကြိုးစားကြည့်ပါမယ်။

ပထမ တစ်ချက် ကြည့်ရမှာက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် တားမြစ်ထားတဲ့ ပုဒ်မ ၅၉(စ) ပါ။ တကယ်တော့ ဒီ ပြဌာန်းချက်ကို အရင် စစ်အာဏာရှင်တွေက ဖွဲ့စည်းပုံထဲ တမင်ထည့် သွင်းထားတာပါ။ ပြည်သူလူထုရဲ့ အလိုဆန္ဒပါလို့ ပြောရင် လိမ်လည်မှုပဲ ဖြစ်ပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြည်သူ ဘယ်လောက် ရာခိုင်နှုန်း ထောက်ခံပါ တယ်ဆိုပြီး ပြောလာ ရင်လည်း ခေတ်ဟောင်းက အဓိပ္ပါယ်မဲ့တဲ့ ဝါဒဖြန့် စကားလုံးပဲ ဖြစ်မှာပါ။ အဲလိုဆိုလို့ ဖွဲ့စည်းပုံပါ အဲဒီ ပြဌာန်းချက်တွေကို ဂရုစိုက်ဖို့ မလိုဘူးဆိုတာမျိုးလည်း လုပ်လို့ မဖြစ်နိုင်ပြန်ပါဘူး။ ဒီအတွက် ထည့်သွင်းစဉ်းစားရမှာ တစ်ချက်ထဲ ရှိပါတယ်။ အဲဒါကတော့ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေ ဒီပြဌာန်းချက်အပေါ် ဘယ်လို သဘောထားနေသလဲ ဆိုတာပါ။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်တာဗျူး တစ်ခုမှာ ဖြေထားပြီးပါပြီ။ ဒါဟာ သူပြဌာန်းခဲ့တာ မဟုတ်ဘူး၊ သူတစ်ယောက်ထဲရဲ့ သဘောဆန္ဒနဲ့ ဒါကြီးကို တစ်ခုခုပြုဖို့၊ ပြင်ဖို့၊ ပြောင်းဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းပါ။ လက်ရှိအချိန်ထိ တိုင်းပြည်မှာ အလွန်အရေးကြီးတဲ့ တပ်မတော်ဘက်က ဒီကိစ္စ ဘယ်လိုသဘောထားသလဲ ကွဲကွဲပြားပြား မသိနိုင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်မက ဆွေးနွေးပြီးပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သိကောင်း သိနိုင်ပါလိမ့်မယ်။ ပြည်သူတွေ မသိနိုင်ပါဘူး။

ရိုးရှင်းတဲ့ ဖြစ်နိုင်ခြေတွေကို တွက်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး တပ်မတော်ဘက်က လက်ခံတယ်ဆိုတာ ဖြစ်နိုင်သလို၊ လက်မခံသေးဘူး၊ လုံးဝ လက်မခံဘူး ဆိုတာမျိုး အားလုံး ဖြစ်နိုင်ပါတယ်။ သေခြာတာကတော့ ဒီ ပုဒ်မ ၅၉(စ) ဟာ အရင် စစ်အာဏာရှင် တွေက ပြဌာန်းသွားခဲ့ပေမယ့် လက်ရှိ စစ်ခေါင်းဆောင်တွေက ပြင်ဆင်လိုခြင်း မရှိသေးဘူးဆိုတာ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးကာလ ဖွဲ့စည်းပုံပြင်ရေး လုပ်ကြကိုင်ကြတုန်းက အခြေအနေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီအတွက် ပထမဦးဆုံး မေးရမယ့် မေးခွန်းက တပ်မတော် စစ်ခေါင်းဆောင်တွေ လက်မခံ သဘောမတူသေးပဲနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အဆောတလျင် ကြိုးစားသင့်သလား ဆိုတာပါ။ တပ်မတော် စစ်ခေါင်းဆောင်တွေသာ သဘောတူတယ်ဆိုရင် ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့တာ၊ ပယ်ဖျက်ပစ်တာ အားလုံး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အဓိက ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး နည်းနာတွေဆိုတာ ဘာမှ အရေးမကြီးဘူး ဆိုတာပါ။ စစ်အာဏာရှင်တွေက တမင်ထည့်သွင်းထားတာ ဖြစ်တဲ့အတွက် လက်ရှိ စစ်ခေါင်းဆောင်တွေ သဘောတူရင် ပြဌာန်းထားတာတွေ အားလုံး အလွယ်တကူ ပြင်လို့ရပါတယ်။

နောက်တစ်ခု မေးဖို့က တပ်မတော် စစ်ခေါင်းဆောင်တွေဘက်က သဘောမတူနိုင်သေးပဲနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို အဆောတလျင် ကြိုးစားမှာလား ဆိုတာပါ။ ဥပဒေပြု လွှတ်တော် နှစ်ရပ်ကို အင်န်အယ်လ်ဒီက လွှမ်းမိုးထားတာမို့ ဖွဲ့စည်းပုံ ပြင်ရေးကလွဲရင် ကျန်တာ အားလုံး လုပ်လို့ရပါတယ်။ ထို့နည်းတူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကြိုးစားပြီးရင်လည်း အားလုံး ဖြစ်သွားနိုင်တာကိုလည်း ဂရုပြုဖို့ လိုပါတယ်။ ဒီအဖြစ်ကို တပ်မတော်ဘက်က လက်ခံလိုက်တာမျိုး ဖြစ်နိုင်သလို၊ အခြေအနေ အကြောင်းကြောင်းကြောင့် မကြိုက်ပေမယ့် မတတ်နိုင်ပေမယ့် လက်ခံလိုက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခု ဖြစ်နိုင်တာကတော့ ဒီလိုလုပ်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်နေတာ ဖြစ်တယ်၊ ဒီတော့ တပ်မတော်ဟာ ဖွဲ့စည်းပုံပါ ပြဌာန်းချက်နဲ့အညီ ဖွဲ့စည်းပုံကို ကာကွယ်မယ်ဆိုပြီး နောက်ပြန် လှည့်သွားတာလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

အကောင်းဆုံး အဖြေကတော့ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော် ခေါင်းဆောင်တွေနဲ့ ကြိုတင် သဘောတူညီချက် ယူမထားဘူးဆိုရင် ဒီကိစ္စ အလျင်စလို မလုပ်သင့်ပါဘူး။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ရလာတဲ့ ဥပဒေပြုခွင့် အုပ်ချုပ်ခွင့် အာဏာတွေကို ထိထိရောက်ရောက် အသုံးချပြီး ခိုင်မြဲတဲ့ အစိုးရတစ်ရပ် ဖြစ်အောင် အရင်ကြိုးစားဖို့ လိုပါတယ်။ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု အဟောင်းနေရာမှာ ယဉ်ကျေးမှု အသစ်တပ်ရပ်ကို ထွန်းကားအောင် ကြိုးစားရင်း ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် အရင်လုပ်သင့်ပါတယ်။ အဲလို လုပ်နေတုန်းကာလတလျှောက် ဒေါ်စု သမ္မတဖြစ်ရေး တပ်မတော်ဘက်က သဘောတူလာအောင် စည်းရုံးပြောဆိုနေဖို့ လိုပါတယ်။

ဟုတ်ပါပြီ။ ဒီအတိုင်း ပြောလို့ ဆိုလို့ မရနိုင်ဘူးဆိုရင် နောက်ထပ် ငြိမ်းချမ်းတဲ့နည်းနဲ့ လုပ်လို့ ရတာ ရှိပါသေးတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မြင်တွေ့လိုကြောင်း အလွန့်ကို ငြိမ်းချမ်းစွာနဲ့ တစ်တိုင်းပြည်လုံး ပြည်သူတွေစုပေါင်း ဆန္ဒထုတ်ဖော်တာပါ။ အာဏာရ အင်န်အယ်လ်ဒီ ကိုယ်တိုင်ဦးဆောင်လုပ်ရင် အလွန်ကြီးကျယ်တဲ့ ငြိမ်းချမ်းစွာ သဘောထား ထုတ်ဖော်မှု ဖြစ်လာနိုင် ပါတယ်။ ဒါ ဥပဒေနဲ့လည်း ညီပါတယ်။ အဲလို ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒကို ထုတ်ဖော်ပြသပြီးမှ တပ်မတော်ခေါင်းဆောင်တွေကို နားချသင့်ပါတယ်။ ဒီ အဆင့်လောက် ဆိုရင် တပ်မတော် ခေါင်းဆောင်တွေလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို ဆက်ပြီး ပိတ်ပင်ထားဖွယ် မရှိဘူးလို့ ယူဆနိုင်ပါတယ်။ အဲဒါဟာ အကောင်းဆုံး လမ်းကြောင်းပါပဲ။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန် သမ္မတ ဖြစ်မလဲမေးရင်၊ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေကသာ သဘောတူရင် ဒီနေ့ မနြက်ဖန် သမ္မတ ဖြစ်နိုင်ပါတယ်။ သဘောမတူသေးဘူး ဆိုရင် အချိန်တစ်ခုတော့ ယူရပါလိမ့်မယ်။ သေခြာတာကတော့ သိပ်အကြာကြီး မဟုတ်တဲ့ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မလွဲမသွေ မြင်တွေ့ရမှာဖြစ်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly