အပြောင်းအရွှေ့နောက်ဆုံးရက်အတွင်း ဂါနာနောက်ခံလူ ဟန်ဆန် ကို ဇွဲကပင်ခေါ်ယူနိုင်ခဲ့

အပြောင်းအရွှေ့နောက်ဆုံးရက်အတွင်း ဂါနာနောက်ခံလူ ဟန်ဆန် ကို ဇွဲကပင်ခေါ်ယူနိုင်ခဲ့
ဇွဲကပင်အသင်းမှ ခေါ်ယူခဲ့သည့် ဂါနာနောက်ခံလူ ဆင်မြူရယ်ဟန်ဆန်။

ဇွန် ၂၆၊ ရန်ကုန်။     ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ဇွဲကပင်ယူနိုက်တက်အသင်းသည် အပြောင်းအရွှေ့ဈေးကွက် ကာလနောက် ဆုံးရက်အတွင်း နိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် ဂါနာနောက်ခံလူ ဆင်မြူရယ်ဟန်ဆန် ကိုခေါ်ယူနိုင်ခဲ့သည်။

ဇွဲကပင်ယူနိုက်တက်အသင်းအနေဖြင့် ရာသီဝက်အပြောင်းအရွှေ့ကာလအတွင်း ဘရာဇီးကွင်းလယ်ကစား သမား ဂျုနီယာ၊ ဂျပန်ကွင်းလယ်ကစားသမား ကင် တို့ကိုခေါ်ယူခဲ့ပြီးနောက် နောက်ဆုံးခေါ်ယူမှုအဖြစ် ဆင်မြူရယ်ဟန်ဆန် ကိုခေါ်ယူနိုင် ခဲ့ခြင်းဖြစ်သည်။

“ဟန်ဆန်က မြန်မာနေရှင်နယ်လိဂ်မှာ အတွေ့အကြုံရင့်ကစားသမားတစ်ဦးပါ။ ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အတွေ့ အကြုံကြောင့်အသင်းအတွက် အကျိုးပြုနိုင်မှာပါ။ ဒုတိယအကျော့မှာ အသင်းရဲ့ရည်မှန်းချက်က တန်းမဆင်း ရဖို့ပါ။”ဟု ဇွဲကပင် အသင်း နည်းပြ ဦးအောင်မင်းဦး ကပြောသည်။

ဆင်မြူရယ်ဟန်ဆန်မှာ ၂၀၁၂ ဘောလုံးရာသီကတည်းက မြန်မာနေရှင်နယ်လိဂ်တွင် ကစားနေသူဖြစ်ပြီး ရန်ကုန်ယူနိုက်တက်၊ ကမ္ဘောဇ၊ နေပြည်တော် စသည့်အသင်းများတွင်ကစားခဲ့ဖူးသည်။

ဇွဲကပင်အသင်းသည် ရာသီဝက်အပြောင်းအရွှေ့ကာလအတွင်း ပြည်ပကစားသမား သုံးဦးအပြင် ပြည်တွင်းကစားသမားများ အဖြစ် လက်ရွေးစင်ဟောင်းများဖြစ်သော ဂိုးသမား ကျော်ဇင်ထက်၊ တိုက်စစ်မှူး ကောင်းစည်သူ တို့ကိုလည်း ခေါ်ယူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly