ပျော်သော်လည်း တစ်ဝက်သာ ပျော်ရသည့်အဖြစ်

ပျော်သော်လည်း တစ်ဝက်သာ ပျော်ရသည့်အဖြစ်

မကြာခင် ထုတ်ဖော်ကြေညာဖို့ရှိတဲ့ အစိုးရအဖွဲ့သစ်စာရင်းကို မီဒီယာတွေကတဆင့် လူအမျိုးမျိုးက ခန့်မှန်းကြပါတယ်။ အစိုးရအဖွဲ့သစ်မှာ ပါဝင်နိုင်မယ့်သူတွေကို ခန့်မှန်းပြောဆိုကြတာ ရှိသလို ဖြစ်ကိုဖြစ် ရမယ်ဆိုတဲ့ အခိုင်အမာ အာမခံချက်နဲ့ ထင်ကြေးပေးကြတာလည်း ရှိပါတယ်။ အခုဆိုရင် ရက်ပိုင်းအတွင်းလောက်မှာပဲ အစိုးရအဖွဲ့သစ်စာရင်း ထွက်ပေါ်လာရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် နောင်ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သစ်မှာ ဘယ်သူမှ အတိအကျ အာမခံချက်နဲ့ မခန့်မှန်းနိုင်သေးတဲ့ ဌာနနှစ်ခု ရှိပါတယ်။ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံခြားရေးဌာနဝန်ကြီး ဖြစ်ပါတယ်။ ကျန် ဝန်ကြီးဌာန ဝန်ကြီးများကို ခန့်မှန်းကြရာမှာတော့ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခန့်မှန်းပြောဆိုပုံချင်း ကွာဟချက်ကြီးမားလှတာ မရှိပဲ အများအားဖြင့်တော့ တူညီကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး နှစ်နေရာအတွက်ကိုတော့ ယခုထက်အထိ ဘယ်သူမှ ရေရာတိကျစွာ အခိုင်အမာ ထင်ကြေးမပေးနိုင်အောင် ဖြစ်နေပါသေးတယ်။

ဒီနေရာမှာ နိုင်ငံခြားရေးဝန်ကြီး ခန့်မှန်းမှုကတော့ နိုင်ငံတော်သမ္မတ ဖြစ်သင့်တဲ့သူနဲ့ ဆက်စပ်နေတဲ့ သဘောရှိလို့ လက်ရှိ ရွေးကောက်ပွဲ အနိုင်ရပါတီကြီးဖြစ်တဲ့ NLD ရဲ့ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ကွင်းဆက်အခက်အခဲအရ ခန့်မှန်းရခက်နေတဲ့သဘော ရှိပါတယ်။ ဒီ နှစ်ခုအနက် နိုင်ငံတော်သမ္မတ ရာထားမှုကိစ္စ ပြတ်သားသွားတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး နေရာကိစ္စက အလိုအလျောက် တိကျစွာ သတင်းထွက်လာမှာပဲ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဖြစ်ထိုက်သူဆိုပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)အရ ဆိုလျင်တော့ လက်ရှိ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိထားသည့်တိုင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်နည်းနဲ့မှ သမ္မတမဖြစ်နိုင်ပါဘူး။ ဒါကလည်း တကမ္ဘာလုံးသိတဲ့ အချက်ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲခဲ့ကြ သူတွေရဲ့ ပြောစကားအရတော့ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်ပြီး ဒီပုဒ်မကို ထည့်သွင်းရေးဆွဲခဲ့တာ မဟုတ်သလို လူတစ်ဦးတစ်ယောက်အတွက်ဖြင့်တော့ ဒီပုဒ်မကို ပြန်လည်ပြင်ဆင်လို့ မဖြစ်ဘူးလို့ အကြိမ်ကြိမ်ပြောဆိုထားကြပါတယ်။ သို့သော်လည်းပဲ လူတစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ပြီးမှရေးဆွဲခဲ့တာ မဟုတ်ဘူးဆိုသော်ငြားလည်း ယခုတော့ ဒီပုဒ်မကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည် ကတော့ သမ္မတမဖြစ်နိုင်တဲ့ အခြေကို ဆိုက်နေရပါတယ်။

အခုတော့ တိုင်းပြည် ပြည်သူလူထုတစ်ရပ်လုံးက NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတအဖြစ် မြင်ချင်ကြသော်ငြားလည်း လုပ်ထုံးလုပ်နည်းအရဆိုလျင် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ရဲ့ အဟန့်အတားကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတမဖြစ်နိုင်ပါဘူးဆိုတဲ့သတင်းကို တချိန်တုန်းက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာ စိုးစဉ်းမျှမသိခဲ့တဲ့ သာမာန်ပြည်သူ အားလုံးကပင်လျင် သိလာရလောက်အောင် အုတ်အော်သောင်းနင်း ဖြစ်လာနေပါပြီ။ အခုတော့ အစိုးရသစ် အဖွဲ့ဝင်စာရင်းကလည်း ကြေညာဖို့ရန် ရက်ပိုင်းပဲ လိုပါတော့တယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး နည်းလမ်းပေါင်းစုံ စဉ်းစားကြတာလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၅၉(စ)ကို လွှတ်တော်တွင်းမှာ ဆိုင်းငံ့အဆိုတင်သွင်း အတည်ပြုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်လာနိုင်တယ်ဆိုတဲ့ လမ်းကြောင်းကို လူတိုင်းစိတ်ဝင်စားလာကြပါတယ်။ ဒီလိုဖြစ်လာဖို့ဆိုရင် ဒီအဆိုကို လွှတ်တော်ထဲက တပ်မတော်ကိုယ်စားလှယ်တွေ မကန့်ကွက်မှ အောင်မြင်မှာပါ။

ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် အကြီးအကဲများ ညှိနှိုင်းကြတယ်ဆိုတဲ့ သတင်းတွေလည်း ကြားကြရပါတယ်။ ညှိလည်း ညှိနှိုင်းကြရမှာပါပဲ။ အပေးအယူ အလျှော့အတင်းတွေလည်း မလွဲမသွေ လုပ်ကြရမှာပါပဲ။ ဘယ်လိုပင် ညှိနှိုင်းကြသည် ဖြစ်ပစေ တိုင်းပြည်အကျိုး ပြည်သူတွေအကျိုးရှေ့ရှုပြီး အများလိုလားတဲ့ သတင်းမျိုးပဲ ထွက်ပေါ် လာစေချင်ပါတယ်။ ယင်းကဲ့သို့သော သတင်းမျိုး ထွက်ပေါ်လာမှသာလျင်လည်း သဘာဝလည်း ကျမှာဖြစ်ပါတယ်။

အခုတော့ မိမိတို့ပြည်သူများမှာ မိမိတို့ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီကြီးကိုတော့ ရွေးကောက်ပွဲ အနိုင်ရအောင် ဆောင်ကျဉ်းပေးနိုင်ခဲ့ကြသည့်တိုင် ပြာသလောက် ဖွဲမရတဲ့ကိန်းမျိုးနဲ့ ရင်ဆိုင်တိုးနေ ရပြန်တယ်လို့ ပြောနိုင်ပါတယ်။ မိမိတို့နိုင်ငံရဲ့ နိုင်ငံတော်သမ္မတ ရွေးချယ်ရေး အရှုပ်တော်ပုံဟာ ရက်ပိုင်းအတွင်း ကမ္ဘာကျော်လာရပြန်ပါတယ်။

ဒီနေရာမှာ ချက်လူမျိုး လူထုခေါင်းဆောင်တစ်ယောက် ရေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ထဲက စာသားတစ်ခုကို သွားပြီး သတိရမိပါတယ်။ အာဏာရှင်တွေ ကြီးစိုးတဲ့ခေတ်ထဲမှာ ဘယ်သူမဆို ချစ်သူကို တဝက်တပျက်သာ ချစ်ကြရပါတယ်တဲ့။ အခုလည်း မိမိတို့ပြည်သူများ ပျော်သော်လည်း တစ်ဝက်သာ ပျော်ကြရမယ့်ကိန်း ဆိုက်တော့မလားလို့ စိုးရိမ်မိတယ်။ ပြည်သူများအားလုံး ရက်ပိုင်းအတွင်း ရာနှုန်းပြည့် ပျော်ရွင်ရမယ့် သတင်းမျိုးသာလျင် ထွက်ပေါ်လာစေရန် မျှော်လင့်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags