တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဇီးရိုးကိုဗစ် မူဝါဒကြောင့် သွားလာလှုပ်ရှားမှုများ ကန့်သတ်ပိတ်ပင်ခံနေရစဉ် ဧပြီလက ကားအရောင်းအဝယ် လုံးဝ ရပ်ဆိုင်းသွားခဲ့

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဇီးရိုးကိုဗစ် မူဝါဒကြောင့် သွားလာလှုပ်ရှားမှုများ ကန့်သတ်ပိတ်ပင်ခံနေရစဉ် ဧပြီလက ကားအရောင်းအဝယ် လုံးဝ ရပ်ဆိုင်းသွားခဲ့

မေ ၁၇

တရုတ်အာဏာပိုင်တို့သည် နိုင်ငံတွင် တင်းကျပ်သော ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံများကို ဆက်လက် ဆောင်ရွက်နေခဲ့စဉ် ပြီးခဲ့သည့်လက ရှန်ဟိုင်းမြို့၌ ကားရောင်းချရမှု လုံးဝ မရှိခဲ့ဘဲ ကားအရောင်းအဝယ် ရပ်ဆိုင်းသွားခဲ့သည်။

တရုတ်၌ အကြီးဆုံးသော မီထရိုပိုလစ်တန် ဧရိယာ ဖြစ်သလို လူဦးရေ ၂၅ သန်းခန့် နေထိုင်သည့် ရှန်ဟိုင်းမြို့သည် သီတင်းပတ် ခုနစ်ပတ်ကြာ တင်းကျပ်သော လော့ခ်ဒေါင်းတစ်ရပ်အောက် ရောက်ရှိနေခဲ့သည်။ မြို့ခံပြည်သူများ နေအိမ်၌သာ နေကြရန် အာဏာပိုင်များက ညွှန်ကြားထားသလို စီးပွားရေးလုပ်ငန်းအများအပြားကိုလည်း ပိတ်ခိုင်းထားသည်။ ၎င်းတို့သည် ရှန်ဟိုင်းမြို့၏ အဆိုးဆုံးသော COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်တိုက်ဖျက်နိုင်ရန် ကြိုးပမ်းနေသည်။

ဧရိယာအချို့တွင် “လယ်ဗယ်နိမ့် လှုပ်ရှားသွားလာမှု” ကို ခွင့်ပြုပေးမည်ဟု အာဏာပိုင်များက မေလ ၁၆ ရက်က ကြေညာသော်လည်း မြို့ခံအများအပြားက ၎င်းတို့သည် ၎င်းတို့၏ နေအိမ်အဆောက်အအုံများထဲကနေ အပြင်ထွက် သွားလာခွင့် မရဘဲ ဖြစ်နေကြောင်း CNN ကို ပြောသည်။

COVID-19 ဆိုင်ရာ ပိတ်ပင်ကန့်သတ်မှုများက ယင်းမြို့၏ ကားဈေးကွက်အပေါ် ကြီးလေးသည့် သက်ရောက်မှုတစ်ခု ရှိစေခဲ့ပြီး ကားအရောင်းကိုယ်စားလှယ် အားလုံးနီးပါးသည် ကားအရောင်းလုပ်ငန်းကို ပိတ်ထားခဲ့ပြီး ဧပြီလက ကားရောင်းချရမှုလုံးဝ မရှိခဲ့ကြောင်း မေ ၁၆ ရက်က ရှန်ဟိုင်း မော်တော်ကား ရောင်းချမှု ကုန်သွယ်ရေး အသင်းမှ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

ယေဘုယျအားဖြင့် တရုတ်၏ ကား ရောင်းချမှုက မတ်လနှင့် ယှဉ်ပါက ဧပြီလတွင် ၄၆ ရာခိုင်နှုန်း ကျဆင်းပြီး စီးရေ ၁ ဒသမ ၂ သန်း ဖြစ်ခဲ့သည်။ ယင်းသည် ဆယ်စုနှစ်တစ်စုအတွင်း အဆိုးဆုံးသော ဧပြီလ ကားရောင်းချရမှုစာရင်း ဖြစ်ကြောင်း တရုတ် မော်တော်ကား ထုတ်လုပ်သူများအသင်းက ပြီးခဲ့သည့်အပတ်က ပြောသည်။

တရုတ်အာဏာပိုင်တို့သည် နှစ်နှစ်ကျော်တာအတွင်း အကြီးဆုံးသော COVID-19 ကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်တိုက်ဖျက်နေရစဉ် တင်းကျပ်သော ပိတ်ပင်ကန့်သတ်ချက်များကို ချမှတ်ထားခဲ့သည်။ ယင်းနိုင်ငံ၏ မြို့ကြီး ၃၀ ကျော်သည် လက်ရှိသည် အပြည့်အဝ သို့မဟုတ် တစိတ်တဒေသ လော့ခ်ဒေါင်းအောက်တွင် ရှိနေပြီး နိုင်ငံတစ်ဝန်း လူပေါင်း ၁၈၇ သန်း‌အပေါ် သက်ရောက်စေလျက် ရှိကြောင်း CNN ၏ တွက်ချက်မှုများအရ သိရသည်။

ရှန်ဟိုင်းသည် တရုတ်၏ မော်တော်ကားလုပ်ငန်းအတွက် အလွန်တရာ အရေးပါသည်။

ယင်းမြို့သည် စုစုပေါင်း ကားရောင်းချမှုပိုင်းတွင် နံပါတ်တစ်နေရာတွင် ရှိနေပြီး ပြီးခဲ့သည့်နှစ်က ရှန်ဟိုင်းတွင် ကားသစ်စီးရေ ၇၃၆,၇၀၀ ခန့် ရောင်းချခဲ့ရရာတွင် ယင်း တရုတ်မြို့များအားလုံးအနက် အများဆုံး ဖြစ်ကြောင်း နိုင်ငံ၏ အဓိက အာမခံလုပ်ငန်း စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့မှ စာရင်းအချက်အလက်များအရ သိရသည်။

ထို့ပြင် ယင်းမြို့သည် အဓိက ထုတ်လုပ်ရေး ဗဟိုချက်နေရာတစ်ခုလည်း ဖြစ်ပြီး Tesla နှင့် Volkswagen တို့ကဲ့သို့ ကားထုတ်လုပ်သည့်လုပ်ငန်းများအပြင် အဓိက ကားအစိတ်အပိုင်းပစ္စည်း ထောက်ပံ့သူများဖြစ်သော Bosch နှင့် ZF Group တို့ ရှိရာ နေရာလည်း ဖြစ်သည်။

ရှန်ဟိုင်းနှင့် အခြားမြို့များတွင် လော့ခ်ဒေါင်းများ ချမှတ်မှုက ကြီးမားသော supply chain (ထောက်ပံ့ဖြည့်ဆည်း ကွင်းဆက်) ဆိုင်ရာ အလျဉ်ပြတ်ပြားမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံတွင် စားသုံးသူ သုံးစွဲမှုနှုန်းအပေါ် ထိခိုက်ထားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly