ယူကရိန်းတွင် ရုရှတပ်အင်အား သုံးပုံတစ်ပုံ ဆုံးရှုံးဟု ဗြိတိန် ပြော 

ယူကရိန်းတွင် ရုရှတပ်အင်အား သုံးပုံတစ်ပုံ ဆုံးရှုံးဟု ဗြိတိန် ပြော 

မေ ၁၇

ယူကရိန်းတွင် တပ်ဖြန့်ထားသော မြေပြင်တပ်များမှ သုံးပုံတစ်ပုံကို ရုရှက ဆုံးရှုံးလိုက်ရနိုင်ပြီး ဒွန်ဘတ်စ်ဒေသ ထိုးစစ်သည်လည်း အရှိန်အဟုန် ပျောက်ဆုံးပြီး စီစဉ်ထားသည့်အတိုင်း ဖြစ်ပေါ်လာခြင်းမရှိကြောင်း ဗြိတိန် စစ်ထောက်လှမ်းရေးက ပြောသည်။ 

“အနည်းငယ်ပဲ ရှေ့ချီတက်နိုင်တာကလွဲလို့ ရုရှဟာ ပြီးခဲ့သည့်လက နယ်မြေသိမ်းပိုက်နိုင်ရေး အောင်မြင်မှု မရှိခဲ့ဘူး”ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာတွင်  ရေးသားသည်။ 

“ရုရှဟာ အခုဆိုရင် ဖေဖော်ဝါရီလ ကျူးကျော်ချိန်ကစလို့ မြေပြင်တပ်ဖွဲ့ သုံးပုံတစ်ပုံကို ဆုံးရှုံးလိုက်ရနိုင်ခြေ ရှိနေပါတယ်”ဟု ယင်းက ဆိုသည်။ 

လာမည့် ရက် ၃၀ အတွင်း ရုရှအနေဖြင့် ထိုးစစ်အရှိန်ကို မြှင့်တင်နိုင်ဖွယ်ရာ မရှိဟုလည်း ပြောသည်။ 

ဖေဖော်ဝါရီ ၂၄ ရက် ရုရှကျူးကျော်ချိန်မှစပြီး ယူကရိန်းသည် ကိယက်ဗ်မြို့အား ထိုးစစ်ဆင်သည့် ရုရှ တပ်မှူးများကို တပ်လန်စေခဲ့ပြီး အရှေ့မြောက်ပိုင်းတွင်လည်း နယ်မြေများ ပြန်လည်သိမ်းပိုက်ရရှိကာ ဒုတိယအကြီးဆုံး ခါကိဗ်မြို့မှ ရုရှတပ်များကိုလည်း မောင်းထုတ်လိုက်နိုင်သည်။ 

ယူကရိန်း၏ တန်ပြန်ထိုးစစ်တစ်ရပ်ကိုလည်း ရုရှထိန်းချုပ်သော အိုင်ဇီလီယမ်မြို့အနီးတွင် ဆင်နွှဲခဲ့သည်။ ပြီးခဲ့သည့်လက စစ်ပွဲ ပင်မနယ်မြေအဖြစ် ဒွန်ဘတ်စ်ဒေသကို ရုရှတပ်များက ထိုးစစ်ဆင်လာကြောင်း ယူကရိန်း စစ်တပ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly