မာရီယူပို သံမဏိစက်ရုံမှ ယူကရိန်းစစ်သားများကို ကယ်ထုတ် 

မာရီယူပို သံမဏိစက်ရုံမှ ယူကရိန်းစစ်သားများကို ကယ်ထုတ် 
Photo - AFP

မေ ၁၇

ကျူးကျော်စစ်ကို ခုခံတွန်းလှန်နေသည့် တောင်ပိုင်း မာရီယူပိုမြို့မှ ယူကရိန်းစစ်သားများ၏ နောက်ဆုံး ခြေကုပ်ယူထားရာ ဝိုင်းရံခံ Azovstal သံမဏိစက်ရုံမှ ယူကရိန်းစစ်သား ရာပေါင်းများစွာကို ကယ်ထုတ်ခဲ့ကြောင်း ယူကရိန်းက တနင်္လာနေ့တွင် ပြောသည်။ 

မဟာဗျူဟာ တည်နေရာ အရေးပါသော ယင်းမြို့အား ရုရှတပ်များ၏ အပြည့်အဝ ထိန်းချုပ်မှုကို တားဆီးကာကွယ်ရန် ယူကရိန်းစစ်သား ၆၀၀ ဝန်းကျင်သည် စက်ရုံ၏ ဥမင်များနှင့် မြေအောက်ဘန်ကာများတွင် တပ်စွဲပြီး တိုက်ခိုက်နေခြင်းဖြစ်ရာ ယင်းစက်ရုံသည် ခုခံတော်လှန်မှု၏ သင်္ကေတသဖွယ် ဖြစ်နေသည်။ 

သို့ရာတွင် စစ်သား ၂၆၀ ကျော်ကို လူသားချင်းစာနာထောက်ထားရေး စင်္ကြံမှတစ်ဆင့် ရုရှလက်အောက်မှ နယ်မြေများနှင့် ရုရှကျောထောက်နောက်ခံသည့် ခွဲထွက်ရေးသမားများ ထိန်းချုပ်ရာ နယ်မြေများသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး ဂျန်နာ မယ်လ်ယာက ပြောသည်။ 

“အဲဒီ စစ်သားတွေကို နေရပ်ပြန်ခေါ်ဖို့အတွက် စစ်သားချင်း အလဲအလှယ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မယ်လ်ယာက ဆိုသည်။ 

မာရီယူပိုမြို့ရှိ စစ်သားများသည် “တိုက်ခိုက်ရေးကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး” လက်ရှိ၌ အဓိက ရည်မှန်းချက်မှာ ၎င်းတို့ အသက်ရှင်သန်ရေးပဲ ဖြစ်သည်ဟု ယူကရိန်း စစ်တပ်က ဆိုသည်။ 

သံမဏိစက်ရုံတွင် တပ်စွဲထားခြင်းအားဖြင့် ရုရှတပ်များ၏ ဇာပိုရီဇာဇီယာ တောင်ပိုင်းမြို့ကို ရုတ်ခြည်းသိမ်းယူခြင်းအား ရပ်တန့်စေခဲ့ကြောင်း ဖေ့ဘုတ်ထုတ်ပြန်ချက်တစ်ရပ်တွင် ဆိုသည်။ 

အိမ်နီးချင်း ရုရှက အင်အားကြီးသည် မှန်သော်လည်း ယူကရိန်းသည် အနောက်မဟာမိတ်များမှ လက်နက်နှင့် ငွေကြေး အကူအညီများ ရရှိခြင်းအားဖြင့် အများမျှော်လင့်ထားသည်ထက် ပိုမိုရှည်ကြာစွာ ရုရှစစ်တပ်ကို ခုခံတွန်းလှန်ထားနိုင်ဆဲ ဖြစ်သည်။ 

အဆက်မပြတ် တိုက်ခိုက်ခံနေရသော နိုင်ငံ၏ ဒုတိယအကြီးဆုံး ခါကိဗ်မြို့အနီး ရုရှနယ်စပ်က ဧရိယာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly