မင်းတပ်မြို့မှ ကျောက်ထုသို့ ပြန်ဆင်းလာသည့် ရှေ့ပြေးစစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရ၍ ၄၀ ကျော်သေဆုံး

မင်းတပ်မြို့မှ ကျောက်ထုသို့ ပြန်ဆင်းလာသည့် ရှေ့ပြေးစစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရ၍ ၄၀ ကျော်သေဆုံး

မေလ ၁၆ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ ယမန်နေ့ မေ၁၅ ရက်နေ့တွင် ကျောက်ထုဘက်သို့ ပြန်ဆင်းလာသည့် စစ်ယာဉ်တန်းအတွက် ရှေ့ပြေး နယ်မြေရှင်းလင်းရေးလာသည့်အဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်များမှ ပဒေသာမိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးသည်ဟု သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယမန်နေ့က မင်းတပ်နှင့် ကျောက်ထုလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေးတပ်များနေ့လယ် ၃နာရီမှ စတင်ပြီးထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းလည်း သိရသည်။

''မင်းတပ်-ကျောက်ထုလမ်းပိုင်းမှာ ထောင်ထားတဲ့ ပဒေသာမိုင်းကွင်းထဲကို စကစ(စစ်ကောင်စီ) တပ်ဖွဲ့ ဝင် ၃၀ ကျော်ဝင်လာလို့ ဖောက်ခွဲတိုက်ခဲ့တာ တစ်ယောက်မှ ပြန်ထလာတာကို မမြင်မိဘူး၊အဲဒီမှာ အလောင်းလာသယ်တဲ့ကားနဲ့ ဆိုင်ကယ်တွေကို ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တာ ကားတစ်စီးပျက်စီးပြီး လူသုံးယောက်စီးလာတဲ့ဆိုင်ကယ်တစ်စီး တစ်စစီဖြစ်သွားတယ်။တကယ်က ကားတန်းအတွက်ထောင်ထားတဲ့ မိုင်းတွေက လူအတွက်ပဲဖြစ်သွားတော့ မိုင်းအကြီးတွေကို နှမျောလိုက်တာ" ဟု CDF(မင်းတပ်)တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

မတူပီမှ ပြန်ဆင်းလာသည့် စစ်ယာဉ်တန်းသည် ၁၀၄ မိုင်ကွာဝေးသည့် ခရီးကို ၁၈ရက်ကြာအောင် လာနေရပြီး လမ်းခရီးတွင် ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် CDF မတူပီနှင့် CDFမင်းတပ် အဖွဲ့များမှ ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်မှ ၈၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

အဆိုပါတိုက်ပွဲတွင် ဒေသခံကာကွယ်ရေး CDF မင်းတပ်မှ ရဲဘော်တစ်ဦးမိုင်းနင်းမိပြီး ကျဆုံးခဲ့ကြောင်း သိရသည်။

ပုံစာ - မင်းတပ် -မတူပီ ၁၈ မိုင်တွင် ပြီးခဲ့သည့် ရက်ပိုင်းကဒေသခံကာကွယ်ရေးတပ်များထောင်ထားသည့်မိုင်းမိ၍ပျက်စီးပြီးချောက်ထဲ ကျခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကားတစ်စီး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly