ပါကစ္စတန်အတွက် ရှေ့နှစ်များအတွင်း နိုင်ငံရေး မတည်ငြိမ်သည့် အခြေအနေမှ ရုန်းထွက်နိုင်မည့် အခြေအနမရှိသေး

ပါကစ္စတန်အတွက် ရှေ့နှစ်များအတွင်း နိုင်ငံရေး မတည်ငြိမ်သည့် အခြေအနေမှ ရုန်းထွက်နိုင်မည့် အခြေအနမရှိသေး

စီးပွားရေး ကျဆင်းမှုနှင့် ကြုံတွေ့နေသည့် ပါကစ္စတန်နိုင်ငံသည် ရှည်လျားသော ကာလတစ်ခုကြာ အထူးသဖြင့် စောစောကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲများအတွင်း ဖြစ်အံ့ဆဲဆဲ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရနိုင်သည်။

ထို့ပြင် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဆော်ဒီ အာရေဗျနိုင်ငံသို့ သွားရောက်သော ခရီးစဉ်က ပြည်သူများ၏ စီးပွားရေး ဒုက္ခသုက္ခများအတွက် ဝန်ထုပ်ဝန်ပိုးများ ထပ်တိုးစေသလို ဖြစ်စေသည်။

၎င်းသည် ချေးငွေများနှင့် သက်သာခွင့်ရသော လောင်စာ အထောက်အပံ့များ ပါဝင်သည့် အစီအစဉ်တစ်ခုကိုပါ ယူဆောင်လာခဲ့သည် ဖြစ်ရာ မူလကတည်းက ရှိနှင့်ပြီးသား ချေးငွေများနှင့်ပေါင်းပါက ချေးငွေပမာဏကို အမေရိကန်ဒေါ်လာ ၈ ဘီလီယံအထိ ရောက်ရှိစေခဲ့သည်။ ထို့ပြင် ၎င်းသည် ယူအေအီးကဲ့သို့ အခြားနိုင်ငံများထံမှ အကူအညီ အထောက်အပံ့များ ရှာဖွေရန် စီစဉ်လျက် ရှိသည်။

အလားတူ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) သည်လည်း ဒေါ်လာ ၆ ဘီလီယံ ထုတ်ပေးမည့် ငွေကြေးအကျပ်အတည်းမှ ကယ်တင်မှု အစီအစဉ်တစ်ရပ်အတွက် ပါကစ္စတန်နှင့် ဆွေးနွေးမှုများကို ပြန်စခဲ့သည်။

သို့သော် ဆော်ဒီ အာရေးဗျရှိ Masjid-i-Nabwi ဗလီ၌ ဝတ်ပြုသူများက ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို “သူခိုးတွေ၊ သူခိုးတွေ” ဆိုသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည့် မကြာသေးခင်က ဖြစ်စဉ်တစ်ခုက မတူသော အခြေအနေတစ်ခုကို ပြသနေသည်။

ပါကစ္စတန်အနေဖြင့် အမေရိကန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိစေရန် လိုအပ်သည်ဟု မှတ်ချက်ပြုရင်း ပါကစ္စတန်သည် အမေရိကန်ကို “ရန်လိုစိတ် ထား၍ မရနိုင်” ဟု ဝန်ကြီးချုပ် ရှာရစ်က ပြောခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုမတိုင်မီက ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီသည် အယုံအကြည်မရှိ အဆို မဲခွဲမှုဖြင့် ဖြုတ်ချခံရသော ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ရာထူးမှ ထွက်ခွာရစေရန် “ပြည်ပမှ လျှို့ဝှက် ပူးပေါင်းကြံစည်မှု” ရှိခဲ့သည် ဆိုခြင်းအတွက် အမေရိကန်ကို ဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင်ထားခဲ့သည်။

စီးပွားရေးအရ အထိနာနေသည့် နိုင်ငံအတွက် နောက်ထပ် ဘဏ္ဍာရေး အကူအညီများ ရရှိနိုင်စေရန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် တရုတ်နိုင်ငံသို့လည်း သွားရောက်ရန် စိတ်အားထက်သန်နေသည်။

မကြာသေးခင်က ကရာချိမြို့တွင် ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကြောင့် ကရာချိတက္ကသိုလ်၌ တရုတ်ကျောင်းသား သုံးဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ထားသည်။

ထို့ပြင် ရှာရစ် အစိုးရအနေဖြင့် ပဋိပက္ခဆန်သော အိန္ဒိယနိုင်ငံနှင့်လည်း ကုန်သွယ်မှုကို စတင်သွားနိုင်သည်။ ထို့ကဲ့သို့ဖြစ်လာပါက တရုတ်အပေါ် ပါကစ္စတန်ဘက်က စီးပွားရေးအရ မှီခိုနေရမှုကို ကူညီလျော့ပါးစေမည် ဖြစ်သည်။ အကြောင်းရင်းမှာ ပါကစ္စတန်သည် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ (CPEC) အတွက် အများအပြား ကြွေးတင်နေ၍ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly