ကပ်ရောဂါကို တိုက်ဖျက်မည့် တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ရေရှည်မတည်မြဲနိုင်ကြောင်း WHO အကြီးအကဲပြော

ကပ်ရောဂါကို တိုက်ဖျက်မည့် တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ရေရှည်မတည်မြဲနိုင်ကြောင်း WHO အကြီးအကဲပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒ်ဟာနွမ်ဂေဘရေယဲဆွတ်က ကိုရိုနာဗိုင်းရပ်စ်သည် ဆင့်ကဲပြောင်းလဲနေသောသဘာဝဖြစ်စဉ်ကြောင့် တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒသည် ရေရှည်တည်မြဲလိမ့်မည်မဟုတ်ကြောင်း မေ ၁၀ ရက်က ပြောသည်။

“ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာအကြောင်း ပြောရမယ်ဆိုရင် ဗိုင်းရပ်စ်ရဲ့ သဘောသဘာဝနဲ့ အနာဂတ်ကို မျှော်ကြည့်တဲ့အခါ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒဟာ ရေရှည်တည်တံ့လိမ့်မယ်လို့ မထင်ပါဘူး” ဟု WHO အကြီးအကဲက သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ကိုင်တွယ်ဟန်ဖြင့် တရုတ်ကွန်မြူနစ်ပါတီသည် အပြင်းထန်ဆုံးသော စောင့်ကြည့်မှုနှင့် အာဏာရှင်ဆန်သော စနစ်များကို အကောင်အထည်ဖော်ရန် ရှန်ဟိုင်းပိတ်ဆို့မှုကို အသုံးချလျက်ရှိပြီး ထိုကဲ့သို့သောလုပ်ရပ်မျိုးကို ရှင်ကျန်းကဲ့သို့သော အစွန်အဖျားပြည်နယ်များတွင် ယနေ့အချိန်ထိ တွေ့မြင်ရသည်။

တရုတ်ကျွမ်းကျင်ပညာရှင်များနှင့် မူဝါဒကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း WHO တာဝန်ရှိသူများက ပြောသည်။ အစွန်းရောက်သည့် ဆောင်ရွက်ချက်များသည် အသက်ပေါင်းများစွာကို ကယ်တင်နိုင်သော်လည်း စားနပ်ရိက္ခာပြတ်လပ်မှု၊ လုပ်သားရှားပါးမှုနှင့် အသွားအလာကန့်သတ်မှုများကို ဖြစ်ပေါ်စေသည်။

“ဒီပြဿနာကို တရုတ်ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးထားပါတယ်။ ဒီနည်းလမ်းက ရေရှည်မတည်တံ့နိုင်ဘူး။ ပြောင်းလဲမှုတစ်ခုလုပ်ဖို့ အလွန်အရေးကြီးတယ်လို့ ထောက်ပြခဲ့ပါတယ်” ဟု  တက်ဒရော့စ် က ပြောသည်။

“ပြောင်းလဲမှုက အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ အခု ဗိုင်းရပ်စ်အကြောင်းကို ကျွန်တော်တို့ သိနေပြီး ပိုကောင်းမွန်တဲ့ နည်းလမ်းတွေလည်း ရှိနေပါပြီ။ ဒါတွေဟာ ပြောင်းလဲမှုလုပ်ဖို့ နောက်ထပ်အခွင့်အရေးတွေပါပဲ” ဟု တက်ဒရော့စ်က ထပ်လောင်းပြောကြားခဲ့သည်။

ထိုအတောအတွင်း သမ္မတရှီကျင့်ဖျင်က နိုင်ငံသည် ၎င်း၏မူဝါဒကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း ထိပ်ပိုင်းခေါင်းဆောင်များနှင့် အစည်းအဝေးတွင် ပြောကြားခဲ့သလို တာဝန်ရှိသူများကလည်း ဗိုင်းရပ်စ်ထိန်းချုပ်မှုမူဝါဒများအပေါ် စောဒကတက်မှုမှန်သမျှကို ပြတ်ပြတ်သားသားတိုက်ဖျက်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required