တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအောက်၌ ကမ္ဘာ့ကုမ္ပဏီများ အခက်ကြုံ

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအောက်၌ ကမ္ဘာ့ကုမ္ပဏီများ အခက်ကြုံ

တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများသည် ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒအောက်တွင် ဆက်လက် ထိခိုက်နစ်နာနေပြီး ဝယ်လိုအားနှင့်ရောင်းလိုအား နှစ်ခုစလုံးသည် တင်းကျပ်သော အသွားအလာ ပိတ်ဆို့မှုအောက်၌ ပြည်သူသန်းပေါင်းများစွာကို အကြီးအကျယ် ထိခိုက်စေသောကြောင့် ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏ ရောင်းအားအပေါ် ထိခိုက်လာခြင်းကို ထုတ်ဖော်ပြောဆိုလာကြသည်။

အာဏာပိုင်များသည် မကြာသေးမီရက်သတ္တပတ်များအတွင်းက ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို တိုက်ဖျက်ရန် ဘဏ္ဍာရေးအချက်အချာမြို့ ရှန်ဟိုင်းအပါအဝင် တရုတ်ပြည်မကြီးရှိ ဒါဇင်နှင့်ချီသောမြို့များစွာကို ပိတ်ပစ်ခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် စီးပွားရေးလုပ်ငန်းအများအပြားသည် ၎င်းတို့၏ ထုတ်လုပ်မှုအချို့ကို တရုတ်နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းရန် လုပ်ဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့်လက Apple ကုမ္ပဏီသည် ဆုံးရှုံးမှုကြီးမားကြောင်း သတိပေးခဲ့ပြီး ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်ပြဿနာကြောင့် ယခု ၃ လပတ်၌ ရောင်းအားအပေါ် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၈ ဘီလီယံအထိ ထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် Microsoft ကုမ္ပဏီက တရုတ်တွင် ထုတ်လုပ်မှုပိတ်လိုက်ခြင်းကြောင့် လက်ပ်တော့နှင့်ဂိမ်းစက် ထောက်ပံ့ရေးကို ထိခိုက်ခဲ့ကြောင်းနှင့် ၃ လပတ်အတွက် လုပ်ငန်းဆောင်ရွက်ချက်အပေါ် ကြီးကြီးမားမား သက်ရောက်နိုင်ကြောင်း ပြောသည်။
 
ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီများဖြစ်သည့် Volkswagen နှင့် Toyota တို့သည် မကြာသေးမီက ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရသည်ဟု CNN သတင်း၌ ဖော်ပြထားသည်။ ကုမ္ပဏီနှစ်ခုစလုံးသည် လုပ်ငန်း ပြန်လည် ပတ်ခဲ့ကြသော်လည်း ထောက်ပံ့ရေးကွင်းဆက်အဟန့်အတားများ ဆက်လက်ရှိနေသရွေ့ ဖြည်းဖြည်းချင်းသာ လည်ပတ်မည်ဖြစ်ကြောင်း ပြောသည်။

တရုတ်၏ အကြီးမားဆုံးသော ဝန်ဆောင်မှုကဏ္ဍသည် ဧပြီလတွင် ဒုတိယမြောက်စံချိန်တင် ကျဆင်းခဲ့ပြီး ထုတ်ကုန် ကဏ္ဍမှာလည်း အနိမ့်ဆုံးဖြစ်ခဲ့သည်။ သို့သော် တရုတ်သမ္မတရှီကျင့်ဖျင်သည် နိုင်ငံ၏ ကပ်ရောဂါ ကာကွယ်ရေးနည်းလမ်းကို နှစ်ဆတိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အစိုးရသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ပြတ်ပြတ်သားသားလိုက်နာမည်ဟု ပြောခဲ့သည်။

အခြားနိုင်ငံများက နိုင်ငံအဝင်အထွက်များကို ပြန်ဖွင့်လှစ်နေချိန်မှာ နိုင်ငံခြားကုမ္ပဏီတချို့သည် ၎င်းတို့ ဒေသန္တရရုံးချုပ်များကို တရုတ်မှ ပြောင်းရွှေ့ရန် စဉ်းစားနေနိုင်သည်ဟု တရုတ်ရှိ ဥရောပကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဂျော့ဝတ်ကီက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required