တရုတ်က အာဖရိကနိုင်ငံများသို့ ကာကွယ်ရေးပစ္စည်းများ ပိုမိုထောက်ပံ့ပေးနေ

တရုတ်က အာဖရိကနိုင်ငံများသို့ ကာကွယ်ရေးပစ္စည်းများ ပိုမိုထောက်ပံ့ပေးနေ

အာဖရိကတိုက်တွင် တရုတ်က ဗျူဟာမြောက်တည်ရှိမှုကို သိသိသာသာ တိုးမြင့်လာစေသည့် လှုပ်ရှားမှုအဖြစ် ကာကွယ်ရေးပစ္စည်းများနှင့် အခြေခံအဆောက်အအုံများ ထောက်ပံ့မှုဖြင့် အာဖရိကနိုင်ငံများကို ကူညီလျက်ရှိသည်။

ဘော်စတွန်တက္ကသိုလ် ကမ္ဘာ့ဖွံ့ဖြိုးရေးစင်တာအဆိုအရ တရုတ်သည် ၂၀၀၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာချေးငွေစာချုပ် ၂၇ ခုကို အာဖရိကနိုင်ငံများနှင့် လက်မှတ်ရေးထိုးခဲ့သည်။

ချေးငွေအများစုကို စစ်လေယာဉ်များ၊ စက်ကိရိယာများနှင့်လေ့ကျင့်မှုများဝယ်ယူရန်နှင့် စစ်တပ်နှင့်  ရဲတပ်ဖွဲ့အတွက် အိမ်ရာများဆောက်လုပ်ရန် အသုံးပြုခဲ့သည်။

တရုတ်ထံမှ ချေးငွေအမြောက်အမြားရရှိသည့် ဇမ်ဘီယာသည် အဝေးပြေးလမ်းမများ၊ ဆည်များနှင့် လေဆိပ်များတည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရရှိခဲ့သည်။ တရုတ်၏ စစ်ဘက်ဆိုင်ရာချေးငွေ ရရှိသည့်နိုင်ငံများတွင် ဒေါ်လာ ၃၈၉ သန်းရရှိသည့် ဂါနာ၊ ကင်မရွန်း (ဒေါ်လာ ၃၃၃ သန်း)၊ တန်ဇန်းနီးယား (ဒေါ်လာ ၂၈၅ သန်း)၊ ဇင်ဘာဘွေ (ဒေါ်လာ ၂၅၇ သန်း)၊ ဆူဒန် (ဒေါ်လာ ၁၂၁ သန်း)၊ ဆီရာလီယွန် (ဒေါ်လာ ၁၆ သန်း) နှင့် နမီးဘီးယား (ဒေါ်လာ ၉ သန်း) တို့ပါဝင်သည်။ 

၁၉၇၀ ခုနှစ်များအတွင်း ဇမ်ဘီယာသည် ဗြိတိန်နှင့် ရိုဒီးရှားနိုင်ငံတို့နှင့် ဆက်ဆံရေး ယိုယွင်းလာကာ ရိုဒီးရှားက ဇမ်ဘီယာအပေါ် ကြေးနီတင်ပို့မှု ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့ကြောင်း ဝါရှင်တန်ရှိ အမေရိကန်တက္ကသိုလ်မှ အရှေ့အလယ်ပိုင်း-အာရှ စီမံကိန်း၏ အကြီးအကဲ ဂျွန်ကာလာဘရက်စ်က South China Morning Post သတင်းစာသို့ ပြောသည်။ ထိုအချိန်တွင် ဇမ်ဘီယာသည် တရုတ်နှင့်ဆက်ဆံရေး ပိုမိုနီးကပ်လာသည်။

၂၀၀၆ ခုနှစ်မှစ၍ ဇမ်ဘီယာတွင် တရုတ်၏တည်ရှိမှု ကျယ်ပြန့်လာပြီး ဇမ်ဘီယာ၏အကြီးဆုံး မြီရှင်ဖြစ်လာသည်။

“ဇမ်ဘီယာစစ်တပ်ဟာ ခေတ်မီစစ်တပ်ဖြစ်အောင် နှစ်အတော်ကြာ ကြိုးစားနေပြီး တရုတ်ကလည်း အာဖရိက လက်နက်ဈေးကွက်မှာ သူ့ရဲ့တည်ရှိမှုကို ချဲ့ထွင်ဖို့နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းကဏ္ဍတွေကို လွှမ်းမိုးထားတဲ့ နိုင်ငံမှာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ရင်း နိုင်ငံတွင်း လုံခြုံရေးအခြေအနေတွေကို တိုးတက်အောင် ဒီဆက်ဆံရေးကဏ္ဍကို တိုးမြှင့်ဖို့ စိတ်ဝင်စားလာနိုင်ပါတယ်” ဟု ကာလာဘရက်စ်ပြောကြားချက်ကို ကိုးကား၍ SCMP က ဖော်ပြခဲ့သည်။

ဇမ်ဘီယာတွင် တရုတ်ပါဝင်ပတ်သက်မှုသည် အငြင်းပွားဖွယ်ရာများကို ဖြစ်စေခဲ့ပြီး အမေရိကန်-အာဖရိက စစ်ဌာနချုပ်က လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဇမ်ဘီယာရှိ အမေရိကန်သံရုံးတွင် ရုံးခန်းဖွင့်လှစ်ရန် စီစဉ်နေကြောင်း မကြာသေးမီက ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly