တရုတ်တွင် ဒလိုင်လားမားပုံတူရုပ်ပုံများကို သိမ်းဆည်း

တရုတ်တွင် ဒလိုင်လားမားပုံတူရုပ်ပုံများကို သိမ်းဆည်း

ပေကျင်း၊ ဖေဖော်ဝါရီ ၃ ။        ။ တိဘက်လူမျိုးများပြားစွာနေထိုင်သော တရုတ်ပြည်နယ်တစ်ခုက ဒလိုင်လားမား၏ ပုံတူများကို အပ်နှံကြရန် ဆိုင်ပိုင်ရှင်များကို အမိန့်ထုတ်လိုက်သည်ဟု   နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၃ တွင် အစီရင်ခံခဲ့သည်။ နိုဘယ်ဆုရှင် ဒလိုင်လားမားသည် သေဒဏ်စီရင်ခံရသည့် အီရတ်ခေါင်းဆောင် ဆက်ဒဏ်ဟူစိန်နှင့် ဆင်တူသည်ဟု ခိုင်းနှိုင်းသည့် ပေကျင်းကျွမ်းကျင်သူများ၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပုံတူသိမ်းဆည်းရေးအကောင်အထည်ဖော်ရန် တိဘက်လူမျိုးများနေထိုင်သည့် ဧရိယာအချို့ပါဝင်သော အနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ်သည် ယဉ်ကျေးမှုဗျူရိုအမှုထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အခြားအရာရှိများပါဝင်သည့် ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေး တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်ဟု အာဏာရကွန်မြူနစ်ပါတီနှင့် နီးစပ်သော ဂလိုဘယ်တိုင်းမ်က အစီရင်ခံခဲ့သည်။

ရည်ရွယ်ချက်မှာ တရုတ်နှစ်သစ်ကူးပွဲမတိုင်မီ ညစ်ညမ်းစာပေ၊ရုပ်ရှင်နှင့် ဒလိုင်လားမား၏ ပုံတူပါဝင်သော တရားမဝင်ထုတ်ဝေမှုများကို နှိမ်နင်းရန်ဖြစ်သည်ဟု   ပြည်နယ်ပြန်ကြားရေးဋ္ဌာန ညွှန်ကြားရေးမှူး ကိုယာတုန်က ဆိုသည်။ အာဏာရပါတီ၏ အကြီးအကဲဟောင်းကို ရည်ညွှန်းလျက် ယခင်နှင့် ယခုခေါင်းဆောင်များ၏ ပုံတူများကို ချိတ်ဆွဲရန်ကိုမူ အားပေးသည်ဟု ၎င်းကပြောသည်။

တရုတ်ပြည်သူများအတွက် ၎င်း၏ပုံကို ချိတ်ဆွဲခြင်းမှာ အမေရိကန်များအတွက် ဆက်ဒမ်ဟူစိန်၏ပုံကိုပြသခြင်းနှင့် အတူတူဖြစ်သည်ဟု တရုတ်တိဘက်ဗေဒသုတေသနစင်တာမှ လျန်ရှန်မင်၏ ပြောကြားချက်ကို ဂလိုဘယ်တိုင်းမ်က ကိုးကားဖော်ပြသည်။ အီရတ်ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန်သည် လူသားချင်းစာနာမှုဆိုင်ရာပြစ်မှုများ ကျူးလွန်မှုတို့ဖြင့် ၂၀၀၆ တွင် သေဒဏ်စီရင်ခံခဲ့ရသည်။ တရုတ်အုပ်ချုပ်မှုအား မအောင်မြင်သောတော်လှန်ရေးအပြီး တိဘက်မှ ထွက်ပြေးခဲ့သော ဒလိုင်လားမားသည် ၁၉၈၉ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံရသည်။

တိဘက်လူမျိုးများက ကြည်ညိုနေသေးသော ဘာသာရေးခေါင်းဆောင်အား ဆန့်ကျင်သည့်စစ်ဆင်ရေးတစ်ခုကို ပေကျင်းက အရှိန်မြင့်နေစဉ် စီချွမ်ပြည်နယ်တွင် ဒလိုင်လာမားပုံများ   ဖြုတ်သိမ်းရေးကိစ္စပေါ်လာခြင်းဖြစ်သည်။ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ဒလိုင်လားမားက ကျေညာချက်အကြိမ်ကြိမ်းထုတ်ပြန်ခဲ့သော်လည်း လားမားသည် အန္တရာယ်ကြီးသည့် ခွဲထွက်ရေးဝါဒီဖြစ်သည်ဟု ပေကျင်းက ပြောဆိုလျက်ရှိသည်။ တိဘက်တွင်လည်း လားမား၏ ပုံရိပ်များကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားသည်။ ယင်းသို့ထိန်းချုပ်ခြင်းမှာ ဘာသာနှင့် ယဉ်ကျေးမှုကို ဖိနှိပ်ခြင်းဟု တိဘက်လူမျိုးများက ရှုမြင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly