ပင်းတယနှင့်ရွာငံရှိ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ၅ ဦးကို ရှမ်းတောင်မဟာမိတ်အဖွဲ့ ရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်

By မေဘယ်လ်သူ
15 May 2022
ပင်းတယနှင့်ရွာငံရှိ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ၅ ဦးကို ရှမ်းတောင်မဟာမိတ်အဖွဲ့ ရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်

မေ ၁၅

ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ရှိ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူများအား ရှမ်းတောင်မဟာမိတ်အဖွဲ့များဖြစ်သည့် ပင်းတယမြို့ပြပြောက်ကျားအဖွဲ့(UPG)၊ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YPDF ) နှင့် ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ ( JPDF) အဖွဲ့များမှ ရှင်းလင်းခဲ့ကြောင်း မေလ ၁၄ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ရှင်းလင်းခံရသည့် စစ်ကောင်စီသတင်းပေးပျူစောထီးဆိုသူများမှာ- စိန်ကျော်ဝင်း၊ ဖေဝင်း၊ ကိုဦး၊ မိုးမြင့်သူနှင့် အေးစိုးတို့ ဖြစ်သည်ဟု သိရသည်။

"ကျနော်တို့ကစစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို အရင်ဖြုတ်တယ်။ သူတို့ကိုဖြုတ်ပြီးသွားရင်တော့ စကစကိုတိုက်တော့မှာပါ။ ကျနော်တို့မဟာမိတ်တွေရော ရှမ်းတောင်မှာရှိတဲ့မဟာမိတ်တွေရောစုပေါင်းပြီးစစ်အာဏာရှင်ကိုတန်ပြန်တိုက်ခိုက်မှုတွေမကြာခင်ရှိလာတော့မှာပါ" ဟု

ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YPDF )မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပင်းတယမြို့နယ်၊ အုံအက်ကျေးရွာနေ ဆိုင်းဆရာစိန်ကျော်ဝင်းအား ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် သာစည်မြို့နယ် သဲဖွတ်ရွာအလှူပွဲ၌ ပစ်ခတ်ခဲ့သည်။

ပင်းတယမြို့နယ် ညောင်ကောက်ကျေးရွာနေ ဖေဝင်းအား ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ရွာငံမြို့နယ်၊ လူးကျေးရွာတွင် ရှင်းလင်းခဲ့သည်။

ပင်းတယမြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်နေ ကိုဦးအား မတ်လ ၅ရက်နေ့တွင် ညောင်ကောက်ကျေးရွာအနီး၌ ရှင်းလင်းခဲ့သည်။

ပင်းတယမြို့နယ်၊ ဈေးတန်းရပ်ကွက်နေ မိုးမြင့်သူအား မတ်လ ၂၂ရက်နေ့တွင် ၎င်း၏ဆိုင်၌ ရှင်းလင်းခဲ့သည်။

ရွာငံမြို့နယ်၊ ရွာမရပ်ကွက်နေ အေးစိုးအား မတ်လ ၃၀ရက်နေ့တွင် ၎င်း​၏ ဝပ်ရှော့တွင် ရှင်းလင်းခဲ့သည်ဟု အသီးသီး ရေးသားထားသည်။

တစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရပြီး ကျန်လေးဦးမှာ ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းခံရ၍ ငါးဦးလုံး သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီသတင်းပေး ငါးဦးသည် စစ်ကောင်စီတပ်သားများအား တပ်စွဲရန်ကူညီပေးခြင်း၊ PDF များရှိသည်ဟုဆိုကာ တောနင်းရှာဖွေရန်အကြံပေးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးရန်အကြံပေးခြင်း စသည့်လုပ်ရပ်များပြုလုပ်ခဲ့ကြောင်း သိရသည်။

#ရှမ်းပြည်နယ်

#ပင်းတယမြို့နယ်

#ရွာငံမြို့နယ်

#ရှမ်းတောင်မဟာမိတ်အဖွဲ့

#စစ်ကောင်စီသတင်းပေး

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required