တာလီဘန် ထိန်းချုပ်မှုအောက်တွင် အာဖဂန်နစ္စတန် လူဦးရေထက်ဝက်ကျော် ငတ်မွတ်မှုဒဏ် ခံစားနေရ

တာလီဘန် ထိန်းချုပ်မှုအောက်တွင် အာဖဂန်နစ္စတန် လူဦးရေထက်ဝက်ကျော် ငတ်မွတ်မှုဒဏ် ခံစားနေရ

အာဖဂန်နစ္စတန်နိုင်ငံတွင် စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်လုံးပန်းနေရပြီး နိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော် သို့မဟုတ် လူပေါင်း ၂၂ သန်းကျော်သည် ပြင်းထန်သော ဆာလောင်ငတ်မွတ်မှုဒဏ် ခံစားနေရကာ အများစုသည် ၎င်းတို့အတွက် နောက်ထပ် အစားအစာများ မည်သည့်အချိန်တွင် ရောက်လာမလဲ ဆိုသည်ကို ကြိုတင်မျှော်မှန်းနိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း ကုလသမဂ္ဂက ပြောသည်။

အာဖဂန်ပြည်သူ ၉၇ ရာခိုင်နှုန်းကျော်သည် စားနပ်ရိက္ခာ ရှားပါးမှုကို ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်ကို Khaama Press ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ယင်းသည် လူ ၁၄ သန်းကျော် အစာရေစာ ရှားပါးငတ်မွတ်မှုနှင့် ကြုံရတော့မည့်ဆဲဆဲ ဖြစ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကနှင့် ယှဉ်ပါက အတော်အတန် တိုးလာခြင်း ဖြစ်သည်။

ယင်းနိုင်ငံတွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်သွားခဲ့ပြီးနောက်ပိုင်း နေထိုင်မှု စရိတ်စကများနှင့် အစားအစာ ဈေးနှုန်းများ ထိုးတက်ထားခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ တွေ့ရှိချက်များကို ကိုးကားလျက် အာဖဂန်သတင်းစာတစ်စောင်က ဖော်ပြသည်။ ထို့ပြင် တာလီဘန်တို့ အာဏာရပြီးနောက် ယင်းနိုင်ငံတွင် ဝင်ငွေရရှိမှုများသည် ၃ ပုံ ၁ပုံခန့် လျော့ကျထားခဲ့ဖွယ် ရှိသည်ဟု ကမ္ဘာ့ဘဏ်၏ တွေ့ရှိချက်များက ဖော်ပြသည်။

၂၀၂၂ ခုနှစ် မတ်လတွင် အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်က ကဘူးလ်တွင် လူပေါင်း ၃၇၆၁၃၉ ဦးကို ငွေကြေးနှင့် စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အိဒ်ပွဲတော်ကာလအတွင်း အကူအညီပေးခဲ့သူ ဦးရေနှင့်ပတ်သက်သည့် နောက်ဆုံး ကိန်းဂဏန်းများကို စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း Khaama Press က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly