ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃ ။ ။ ယခုလလယ်ကျော်ကျော်တွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက လက်ခံကျင်းပမည့် အရှေ့တောင်အာရှခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲက တရုတ်ဆန့်ကျင်ရေးမဟုတ်ကြောင်း နိုင်ငံခြားရေးဋ္ဌာမှ အရာရှိတစ်ဦးက ပြောသည်။
၎င်းအစည်းအဝေးကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်နီလဲန်စ်အပမ်းဖြေစခန်းတွင် ဖေဖော်ဝါရီ ၁၅မှ ၁၆အထိ ကျင်းပမည်ဖြစ်သည်။" ဒီထိပ်သီးအစည်းအဝေးက တရုတ်နဲ့ မပါတ်သက်ပါဘူး။ အမေရိကန်နဲ့ အာဆီယံပဲ ပတ်သက်ပါတယ်"ဟု အရှေ့အာရှရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒယ်နီယယ်ရပ်ဆဲက အေပီ၊ အေအက်ဖ်ပီတို့နှင့် ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။
ထို့အပြင် ဆွေးနွေးပွဲက တရုတ်ဆန့်ကျင်ရေးလည်းမဟုတ်ကြောင်း ၎င်းကပြောသည်။ ဒေသတွင်းပါဝါ တရုတ်အား ချိန်ခွင်လျှာညိပေးနိုင်သည့်အရာအဖြစ် အာဆီယံ၏ကဏ္ဍမြင့်တင်ရေး အမေရိကန်အစိုးရက အာရုံစိုက်လျက်ရှိသည်။
ချိန်ခွင်လျှာပြန်လည်ညီမျှရေးက မှန်ကန်သည့်အဆင့်သို့ရောက်ရှိနေပြီဟု ယူဆကြောင်း ဒယ်နီယယ်ရပ်ဆဲက ဆိုသည်။ ၂၀၀၉ခုနှစ်နောက်ပိုင်း မဟာဗျူဟာအချက်အခြာအဖြစ် အာရှသို့ အိုဘားမားအစိုးရအဖွဲ့က အာရုံစိုက်နေခြင်းကို ရည်ညွှန်းပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုတွင် အာဆီယံနိုင်ငံအချို့သည် တရုတ်နှင့် ခါးသည်းစွာ အငြင်းပွားနေသည်။
အငြင်းပွားနှင့် ပတ်သက်၍ ဘက်လိုက်မှုမရှိသော်လည်း အသက်သွေးကြောပမာအရေးကြီးသော သင်္ဘောသွားလမ်းကြောင်းတွင် လွတ်လပ်သောမောင်းနှင်မှုကိုမူ ဆက်လက်ထိန်းသိမ်းထား ရမည်ဖြစ်ကြောင်း အမေရိကန်က ပြောကြားထားသည်။