ထိုင်ဝမ်အား သမိုင်းကြောင်းအရ တောင်းဆိုမှုကို မော်စီတုံး မပြုလုပ်ခဲ့

ထိုင်ဝမ်အား သမိုင်းကြောင်းအရ တောင်းဆိုမှုကို မော်စီတုံး မပြုလုပ်ခဲ့

တရုတ်ကွန်မြူနစ်ပါတီ (CCP) ခေါင်းဆောင် မော်စီတုံးက ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်ကြောင်း မတောင်းဆိုခဲ့ဟု နယ်သာလန်သံတမန်ဟောင်း ဂါရစ်ဗန်ဒါဝီးက ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ အနေအထားအပေါ် အချိန်ကြာလာသည်နှင့်အမျှ တရုတ်၏ ရပ်တည်ချက်ဆိုင်ရာ သမိုင်းကြောင်း အရ ကွဲလွဲမှုများကို ဒါဝီးက ထောက်ပြကာ ၁၉၃၇ခုနှစ်တွင် မော်စီတုံးက အမေရိကန် သတင်းထောက် အဂ္ဂါစနိုး အား ပြောကြားခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်မှာ ''ကိုရီးယားတွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေမှာ ငါတို့က စိတ်အားထက်သန်စွာ ကူညီမှုတွေ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်မှာလည်း အလားတူပါပဲ” ဟု Taiwan News သတင်းတွင် ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီက ၁၉၂၀ပြည့်နှစ်များတွင် ထိုင်ဝမ်နှင့် ပတ်သက်ပြီး ဆန့်ကျင်ဘက်အမြင်ကို အမှန်တကယ် စွဲကိုင်ထားပြီး ထိုင်ဝမ်လူမျိုးများအား သီးခြား 'လူမျိုး' သို့မဟုတ် 'နိုင်ငံသား' အဖြစ် အသိအမှတ်ပြုခဲ့သည်။

နယ်ချဲ့ဂျပန်ကို ဆန့်ကျင်သည့် ထိုင်ဝမ်မှ ကိုလိုနီဆန့်ကျင်ရေး တော်လှန်ရေးကို တရုတ်တော်လှန်ရေးနှင့် မတူသည့် သီးခြားအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် တရုတ်ကွန်မြူနစ်ခေါင်းဆောင်များက ဖော်ပြခဲ့ သည်ဟု ဒါဝီးက ဆိုခဲ့သည်။

ထိုင်ဝမ်အနေအထားနှင့် ပတ်သက်ပြီး ရှေ့နောက်မညီခဲ့ဘဲ ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း ပြောဆိုချက် များသည် အမှန်စင်စစ်တွင် ရပ်တည်ချက်အသစ်ဖြစ်သည်။

ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်ပြီး မည်သူမျှ ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း ဧပြီလတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်အား တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟော်က ပြောကြားခဲ့ကြောင်းကို ဒါဝီးက The Diplomat တွင် ကိုးကားဖော်ပြခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်သည် တရုတ်၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ ရပ်တည်ချက်သည် အကြောင်းရင်း ၂ ရပ်ကြောင့် ပြဿနာတက်နိုင်သည်ဟု ဒါဝီးက ပြောကြားခဲ့သည်။ ပထမအချက်မှာ သမိုင်းကြောင်းဆိုင်ရာအခြေခံမရှိခြင်းနှင့် ဒုတိယအချက်မှာ CCP ၏ မကြာသေးမီက ရပ်တည်ချက် အနေအထား၏ သဟဇာတမဖြစ်မှုကြောင့် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly