အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက တရုတ်ယွမ်ငွေ ၁၈ လအတွင်း အနိမ့်ဆုံး ကျဆင်း

အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက တရုတ်ယွမ်ငွေ ၁၈ လအတွင်း အနိမ့်ဆုံး ကျဆင်း

တရုတ်ယွမ်ငွေသည် မေလ ၁၀ရက်တွင် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၁၈ လအတွင်း အနိမ့်ဆုံး အမှတ်ဖြစ်သော ၆ ဒသမ ၇၁၃၄ သို့ကျဆင်းသွားပြီး ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၃၀ ရက် နောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။

ပေကျင်းမြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုအသစ်နှင့် ရှန်ဟိုင်းမြို့တွင် ဆက်လက်ပိတ်ဆို့မှုများကြောင့် ထုတ်လုပ်မှု နှင့် ပို့ဆောင်ရေးကွင်းဆက်များအခက်အခဲဖြစ်ပွားချိန်တွင် ဧပြီလနှောင်းပိုင်းကတည်းက တရုတ်ပြည်သူ့ဘဏ်သည် နိုင်ငံသုံးငွေကြေးတန်ဖိုးကို လျှော့ချခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထား သည်။

အမေရိကန်တစ်ဒေါ်လာနှင့် ယွမ်ငွေ ပျမ်းမျှငွေလဲနှုန်းထားသည် မေလ ၅ရက်တွင် အခြေခံအမှတ် ၅၀၅ မှတ် ခုန်တက်သွားသော်လည်း နောက်တစ်ရက်တွင် အခြေခံအမှတ် ၆၆၀ ထိကျဆင်းသွားသည်။ ငွေကြေးသည် နောက်ထပ် ၅၆၇နှင့် ၂၃၅ အခြေခံအမှတ်များ အသီးသီးဖြင့် မေလ ၉ရက်နှင့် ၁၀ရက် အထိ ဆက်လက်ကျဆင်းခဲ့သည်။

၂၀၂၂ခုနှစ်တွင် တည်ငြိမ်သော ယွမ်ငွေလဲလှယ်နှုန်းကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ဘဏ္ဍာရေး အန္တရာယ်များကို တားဆီးရန်နှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်ကို မတ် ၅ ရက်တွင် တရုတ်အာဏာပိုင်များက ကြေညာခဲ့သည်။

တရုတ်၏ စီးပွားရေးအချက်အချာဖြစ်သော ရှန်ဟိုင်းမြို့တွင် မတ်လနှောင်းပိုင်း၌ ချမှတ်ခဲ့သော ပြင်းထန်သော ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် တရုတ်ပို့ကုန်တိုးတက်မှုသည် ဧပြီလတွင် ၃ ဒသမ ၉ ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားသည်ကို မြင်တွေ့ခဲ့ရပြီး အခြားမြို့များတွင်လည်း စီးပွားရေးထိခိုက်မှုများ စတင်လာခဲ့သည်။

ဧပြီလတွင် တရုတ်၏ စုစုပေါင်းကုန်သွယ်မှုသည် ၂ ဒသမ ၁ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး မတ်လတွင် ၇ ဒသမ ၅ ရာခိုင်နှုန်းမှ သိသိသာသာ ကျဆင်းခဲ့ပြီး ပို့ကုန်တိုးတက်မှုမှာ မတ်လတွင် ၁၄ ဒသမ ၇ ရာခိုင်နှုန်းမှ ဧပြီလတွင် ၃ ဒသမ ၉ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့သည်။ 

လက်ရှိ စီးပွားရေးနှေးကွေးမှုသည် ကမ္ဘာတွင် အပြင်းထန်ဆုံးဖြစ်သည့် ကန့်သတ်ပိတ်ဆို့မှု စည်းမျဉ်းများ ကြောင့် ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly