ကနေဒါပါလီမန်၌ တိဗက်ခေါင်းဆောင်၏ ထွက်ဆိုချက်ပေါ် တရုတ်က အမျက်ဒေါသထွက်

By The Print
14 May 2022
ကနေဒါပါလီမန်၌ တိဗက်ခေါင်းဆောင်၏ ထွက်ဆိုချက်ပေါ် တရုတ်က အမျက်ဒေါသထွက်

ကနေဒါအောက်လွှတ်တော်၌ တိဗက်အဝေးရောက်အစိုးရ သမ္မတ ပန်ပါဆာရင်၏ ထုတ်ဖော်ပြောကြးချက် အပေါ် ကနေဒါရှိ တရုတ်သံရုံးက မေလ ၇ ရက်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။

တိဗက်အဝေးရောက်အစိုးရခေါင်းဆောင် ပန်ပါဆာရင်ကို ကနေဒါသို့ လာရောက်ခွင့်ပြုခြင်းနှင့် အောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု အမြဲတမ်းကော်မတီရှေ့မှောက်တွင် သက်သေထွက်ဆိုရန် စီစဉ်ပေးမှုအပေါ် တရုတ်သံရုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း Global Times က ဖော်ပြသည်။

တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက အဝေးရောက်တိဗက်အစိုးရအား တိဗက်လွတ်လပ်ရေးရရှိရန် ရည်ရွယ်ချက်ဖြင့် ခွဲထွက်သော နိုင်ငံရေးအဖွဲ့အစည်း ဟု ခေါ်ဆိုခဲ့သည်။

တိဗက်၏ တရားဝင်အစည်းအဝေးတိုင်းကို တရုတ်ကွန်မြူနစ်ပါတီအစိုးရက အဆက်မပြတ် ဆန့်ကျင်နေခြင်း သည် အသစ်အဆန်းမဟုတ်တော့ပေ။ ဆာရင်၏ မကြာသေးမီက ဝါရှင်တန်ဒီစီခရီးစဉ်တွင် ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျန်လီပါစကီနှင့် တွေ့ဆုံခဲ့မှုကိုလည်း ချက်နိုင်ငံ တရုတ်သံရုံးက ဝေဖန်ပြစ်တင်ခဲ့သည်။

ကနေဒါအောက်လွှတ်တော်တွင် တာရှီလွန်ပိုကျောင်းမှ ဘုန်းတော်ကြီး ဇီးဂျက်ရင်ပိုချီလည်းတက်ရောက်ခဲ့ပြီး ၁၁ ဆက်မြောက် ပန်ချန်လားမား မည်သည့်နေရာတွင် ရှိနေသည်နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒလိုင်းလားမားကိုယ်စားလှယ်များနှင့် တရုတ်အစိုးရကိုယ်စားလှယ်များသည် ၂၀၀၂ ခုနှစ်မှစတင်၍ ၉ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ကြသော်လည်း တရုတ်ဖွဲ့စည်းပုံမူဘောင်အောက်၌ စစ်မှန်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရန် ကြိုးပမ်းနေသည့် အဝေးရောက်တိဗက်အစိုးရ၏ တရားဝင်ရပ်တည်ချက်ဖြစ်သော အလယ်အလတ်လမ်းစဉ်ကို တရုတ်က ပယ်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly