အဂတိလိုက်စားမှု အစွပ်စွဲခံရသူများထဲတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက် မပါ၀င်ဟု ဆွစ်ဇာလန်ပြော

အဂတိလိုက်စားမှု အစွပ်စွဲခံရသူများထဲတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက် မပါ၀င်ဟု ဆွစ်ဇာလန်ပြော

ဂျနီဗာ၊ ဖေဖော်ဝါရီ - ၃ ။             ။ ဆွစ်အရာရှိတစ်ယောက်၏ ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောကြားချက်အရ နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေအဖွဲ့ (1Malaysia Development Berhad-1MDB) ပါဝင်ပတ်သက်နေသည့် အဂတိလိုက်စားမှု စွဲချက်ကို ဆွစ်ဇာလန်အစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးရာတွင် မသမာမှုဖြင့် စွပ်စွဲခံရသူများထဲတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက် ပါဝင်နေခြင်းမရှိဟု ဆိုသည်။

ဆွစ်ရှေ့နေချုပ်ရုံးက လွန်ခဲ့သည့် ရက်သတ္တပတ် သောကြာနေ့က ပြောကြားရာတွင်မူ မလေးရှား နိုင်ငံပိုင်ကုမ္ပဏီများမှ သံသယရှိဖွယ် ကန်ဒေါ်လာ ၄ ဘီလျံ အလွဲသုံးစားလုပ်မှုတွင် ရာဇဝတ်မှုမြောက် သည့် မသမာမှု ၄ မှုကို တွေ့ရှိထားသည်ဟု ဆိုသည်။

“ရှေ့နေချုပ်ရုံးရဲ့ စုံစမ်းစစ်ဆေးဆဲ အနေအထားမှာ အစွပ်စွဲခံထားရတဲ့ အစိုးရအရာရှိတွေထဲမှာ မစ္စတာ နာဂျစ် ရာဇက် မပါဝင်ပါဘူး”ဟု ဆွစ်ရှေ့နေချုပ် မိုက်ကယ် လောဘာ၏ ရုံးမှ ပြောခွင့်ရပုဂိုလ် အန်ဒရေ မာတီက ရိုက်တာ၏ မေးမြန်းမှုကို အီမေးဖြင့် တုန့်ပြန်ရာတွင် ပြောကြားခဲ့သည်။

လောဘာ၏ ရုံးက လွန်ခဲ့သည့် သြဂုတ်လက အကြံပေးဘုတ်အဖွဲ့ကို နာဂျစ်က ကြီးမှူးနေရာ 1MDBနှင့် ဆက်နွယ်နေသော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဖွင့်လှစ်စစ်ဆေးနေကြောင်း ကြေညာ ခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က လောဘာ၏ ရုံးက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင်လည်း ဆွစ်ဇာလန်၏ စုံစမ်းစစ်ဆေးမှုတွင် မလေးရှား ရှေ့နေချုပ်အနေဖြင့် အကူအညီပေးရန် တရားဝင် တောင်းဆို ခဲ့သည်။

စုံစမ်းစစ်ဆေးမှုမှာ နိုင်ငံခြားအစိုးရအရာရှိများ၏ လာဘ်စားမှု၊ အစိုးရရုံးများတွင် မသမာမှု၊ ငွေကြေးခဝါချမှု၊ ရာဇဝတ်မှုမြောက်သည့် တလွဲစီမံခန့်ခွဲမှုနှင့် 1MDBမှ အမည်မသိ အရာရှိဟောင်းများ၊ မည်သူ မည်ဝါ မသိရသည့်ပုဂိုလ်များနှင့် ဆက်နွယ်နေသည်ဟု ကြေညာချက်တွင် ပြောကြားထားသည်။

အဆိုပါ ဆွစ်ရှေ့နေချုပ်ရုံး၏ ကြေညာချက်မှာ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ စီးဝင်သွားခဲ့သည့် ကန်ဒေါ်လာ ၆၈၁သန်းမှာ ဆော်ဒီအာရေဗျ တော်ဝင်မိသားစုထံမှ လက်ဆောင်သာဖြစ်ပြီး မစ္စတာ နာဂျစ်မှာ မည်သည့်မသမာမှုမျှ မကျူးလွန်ကြောင်း မလေးရှားရှေ့နေချုပ်က ကြေညာအပြီး ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

နာဂျစ်ကိုယ်တိုင်ကလည်း မည်သည့် မသမာမှုမျှ မကျူးလွန်ကြောင်း အကြောက်အကန် ငြင်းဆန်ထားပြီး၊ ၎င်း၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ စီးဝင်လာသည့် ငွေများမှာ နိုင်ငံရေးအရ လှူဒါန်းမှုသာဖြစ်ပြီး၊ ကိုယ်ကျိုးအတွက် တစ်ပြားတစ်ချပ်မျှ မယူခဲ့ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly