3D အွန်လိုင်းပန်းချီပြခန်းမှ “Still We Rise” ရန်ပုံငွေလေလံပွဲ

3D အွန်လိုင်းပန်းချီပြခန်းမှ “Still We Rise” ရန်ပုံငွေလေလံပွဲ

မေ ၁၂

မြန်မာနိုင်ငံမှ အနုပညာရှင် ၃၀ ဦး၏ အနုပညာလက်ရာ ၆၀ ကျော်ပါဝင်သော “Still We Rise” အမည်ဖြင့် ရန်ပုံငွေလေလံပွဲကို 3D အွန်လိုင်းပန်းချီပြခန်းက တစ်ဆင့် မေလ ၂၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေလံပွဲကို မြန်မာနှင့် နိုင်ငံတကာမှ တက်ကြွ လှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသော Better Burma အဖွဲ့က ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ပန်းချီကားများကို အွန်လိုင်းက တစ်ဆင့် 3D နည်းပညာဖြင့် ကြည့်ရှုကာ မေလ ၅ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ လေလံဆွဲရမည် ဖြစ်သည်။

လေလံတင် အနုပညာလက်ရာများကို ပြီးခဲ့သည့် လအနည်းငယ်က စတင်စုဆောင်းခဲ့ပြီး မြန်မာနိုင်ငံရှိ နာမည်ကြီး လူငယ်အနုပညာရှင် အချို့၏ အနုပညာ လက်ရာများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ဝန်ထမ်း အချို့၏ လက်ရာများ၊ စစ်ဘေးရှောင် စခန်းများမှ ပြည်သူများ၏ ဖန်တီးမှု လက်မှုထည်၊ အနုပညာ ပစ္စည်းများကို လေလံတင် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

'' အခုပွဲက ရရှိလာတဲ့ အကျိုးအမြတ်တွေကို လိုအပ်နေတဲ့ IDP Camp တွေ စစ်ဘေးရှောင်တွေလိုအပ်ချက်တွေကို ကူညီပေးသွားမှာပါ။ စစ်ကောင်စီကို တော်လှန်နေတဲ့ PDF လူငယ်တွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကိုလည်း ကူညီပေးသွားမှာပါ။ ဘယ်လိုတွေ ကူညီခဲ့လဲဆိုတာကို ဒီ website လင့်မှာတင်ပေးသွားမှာပါ။https://www.betterburma.org/sourceofinformation ၊ နောက်ထပ်လည်း auctions (လေလံပွဲ) တွေအပြင် CDM ကျောင်းသားတွေအတွက် workshop တွေ လည်း လုပ်ဖို့ရှိပါတယ် '' ဟု ပွဲစီစဉ်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယခုပြပွဲကို https://bit.ly/3vQmEQp လင့်ခ်တွင် ကြည့်ရှုနိုင်ကြောင်း အနုပညာ လက်ရာများကို လူတစ်ယောက် လမ်းလျှောက် ကြည့်သကဲ့သို့ ခံစားရမည့် 3D မြင်ကွင်း ဖန်တီးထားကြောင်း လက်ရှိ ရောင်းချပြီးသော ပန်းချီကားများလည်းရှိကြောင်း သိရသည်။

#Mizzima

#3D

#လေလံပွဲ

#BetterBurma

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly