မြောက်ကိုရီးယားတွင် ပထမဆုံး COVID-19 ကူးစက်ဖြစ်ပွား၍ အရေးပေါ် အခြေအနေ ကြေညာ 

မြောက်ကိုရီးယားတွင် ပထမဆုံး COVID-19 ကူးစက်ဖြစ်ပွား၍ အရေးပေါ် အခြေအနေ ကြေညာ 
Photo - AFP

မေ ၁၂

မြောက်ကိုရီးယားနိုင်ငံသည် ပထမဆုံးဖြစ်သော COVID-19 ကူးစက်ဖြစ်ပွားမှုကို အတည်ပြုပြီး ဗိုင်းရပ်စ်အား “ရှင်းလင်းသုတ်သင်”မည်ဟု ခေါင်းဆောင်ဖြစ်သူ ကင်ဂျုံးအွန်က စိတ်ပိုင်းဖြတ် ပြောဆိုခြင်းနှင့်အတူ “ပြင်းထန်သည့် အရေးပေါ် အခြေအနေ”ကို ကြေညာကြောင်း နိုင်ငံပိုင် မီဒီယာက ကြာသပတေးနေ့တွင် ဖော်ပြသည်။ 

ဆင်းရဲသည့် နျူကလီးယား လက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံသည် ၂၀၂၀ ကပ်ဘေး စတင်ချိန်မှစ၍ နယ်စပ်များကို ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး ပိတ်ဆို့မှုများအား အစိုးရက ချမှတ်ထားခြင်းနှင့်အတူ COVID-19 ကူးစက်ဖြစ်ပွားမှုအား ဘယ်တုန်းကမျှ ဝန်ခံထားခြင်း မရှိပေ။ 

သို့ရာတွင် မြို့တော်ပြုံယမ်းမှ ဖျားနာသော လူနာထံမှ ရယူသော နမူနာများတွင် ကူးစက်မှုပို၍ မြန်ဆန်သော အိုမီခရွန်ဗိုင်းရပ်စ်ကို  တွေ့ရှိကြောင်း နိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ KCNA က ဖော်ပြသည်။ 

ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ခေါင်းဆောင် ကင်ဂျုံးအွန်အပါအဝင် ထိပ်တန်းတာဝန်ရှိသူများက အရေးပေါ် ပေါ်လစ်ဗျူရိုအစည်းအဝေးကို ကျင်းပပြီး “အမြင့်ဆုံး အရေးပေါ်” ဗိုင်းရပ်စ်ထိန်းချုပ်ရေးစနစ်ကို ချမှတ်ဖော်ဆောင်မည်ဖြစ်ကြောင်း ကြေညာသည်။ 

“ရည်မှန်းချက် ပန်းတိုင်က အတိုတောင်းဆုံး အချိန်အတွင်း ဗိုင်းရပ်စ်ကို အမြစ်ကနေ ရှင်းလင်းဖယ်ရှားပစ်ရေးပဲ ဖြစ်တယ်”ဟု ကင်ဂျုံးအွန်က အစည်းအဝေး၌ ပြောကြောင်း KCNA အရ သိရသည်။ 

“”ပြည်သူတွေရဲ့ နိုင်ငံရေး အသိအမြင် မြင့်မားတာကြောင့် မိမိတို့တွေအနေနဲ့ အရေးပေါ် အခြေအနေကို ဧကန် ကျော်လွှားပြီး အရေးပေါ် ကွာရန်တင်း စီမံချက်ကို အောင်မြင်စေလိမ့်မယ်လို့ သူက အခိုင်အမာ ပြောပါတယ်”ဟု KCNA က ဆိုသည်။ 

နယ်စပ်ထိန်းချုပ်မှု တင်းကျပ်ရေးနှင့် လော့ဒေါင်းများ ချရန် ကင်ဂျုံးအွန်က တိုက်တွန်းပြီး နိုင်ငံအနှံ့က မြို့များနှင့် စီရင်စု ဧရိယာများကို ပိတ်ဆို့ခြင်းအားဖြင့် ဗိုင်းရပ်စ် ပြန့်နှံ့မှုကို အပြည့်အဝ တားဆီးနိုင်လိမ့်မည်ဟု နိုင်ငံသားများကို ပြောခဲ့သည်။ 

ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုအား တားဆီးကာကွယ်ရေးအတွက် စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအားလုံးသည် “သီးခြား” ယူနစ်များဖြင့် စီစဉ်လုပ်ကိုင်သွားမည်ဖြစ်သည်ဟု KCNA သတင်းက ဖြည့်စွက်ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly