အမေရိကန်တွင် ခြင်မှမဟုတ်ပဲ လိင်မှတစ်ဆင့် ဇီကာပိုးကူးစက်ဟုဆို

အမေရိကန်တွင် ခြင်မှမဟုတ်ပဲ လိင်မှတစ်ဆင့် ဇီကာပိုးကူးစက်ဟုဆို

အမေရိကန်နိုင်ငံတွင် ဇီကာပိုးသည် ခြင်ကိုက်ရာမှ ကူးစက်ခြင်းမဟုတ်ဘဲ လိင်မှတစ်ဆင့်ကူးစက်သည့် ရှားရှားပါးပါး ရောဂါကူးစက်မှုဖြစ်ပွားကြောင်း သတင်းများအရသိရသည်။ တက္ကဆက်ပြည်နယ် ဒဲလက်စ်မှ လူနာတစ်ဦးသည် ဇီကာပိုးကို လိင်ဆက်ဆံရာမှ ကူးစက်ခံရခြင်းဖြစ်ဖွယ်ရှိကြောင်း ရောဂါထိန်းချုပ်ရေးစင်တာက ဘီဘီစီသို့ပြောသည်။

ယင်းလူနာသည် ဇီကာပိုးဖြစ်ပွားနေရာ ဒေသများသို့ ခရီးသွားလာဖူးခြင်းမရှိသော်လည်း ၎င်း၏ အဖော်ဖြစ်သူမှာ ဗင်နီဇွဲလားနိုင်ငံမှ ပြန်လာသူဖြစ်နေကြောင်း သိရသည်။ ဇီကာပိုးသည် ခြင်က သယ်ဆောင်သည့် ဗိုင်းရပ်စ်ပိုးဖြစ်ပြီး မွေးစကလေးများတွင် ဦးနှောက်ပျက်စီးစေသည့် ရောဂါပိုးတစ်မျိုးဖြစ်သည်။

အမေရိကတွင် ယင်းရောဂါပိုး ပျံ့နှံ့ဖြစ်ပွားလျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တစ်ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာထားသည်။

သြစတြေးလျတွင်လည်း ဇီကာဖြစ်ပွားမှု လူနာနှစ်ဦးကို တွေ့ရှိသည်။ ယင်းလူနာနှစ်ဦးက မကြာသေးမီကမှ ကရီဘီယန်မှ ပြန်လည်ရောက်ရှိလာကြသူများဖြစ်သည်။ ဇီကာပိုးကူးစက်မှုတွင် ဘရာဇီးနိုင်ငံက အဆိုးဝါးဆုံးဖြစ်နေပြီး ဖြစ်ပွားမှုပေါင်း ၃၆၇၀ ခန့်ရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဇီကာရောဂါပိုးသာ လိင်မှတစ်ဆင့် အမှန်ကူးစက်ပျံ့နှံ့နိုင်ပါက ကမ္ဘာ့နိုင်ငံတိုင်းအတွက် ခြိမ်းခြောက်မှုများ မြင့်တက်လာမည်ဖြစ်သည်။ လိင်မှတစ်ဆင့်ကူးစက်ခြင်းသည် ရှားတောင့်ရှားခဲ ဖြစ်နိုင်ခဲကြောင်း အာဏာပိုင်များက ပြောသော်လည်း ပြီးခဲ့သည့်နှစ်ကလည်း ဇီကာဖြစ်ပွားမှုက နိုင်ငံအတွင်း ခဲယဉ်းပါကြောင်းလည်း ၎င်းတို့ကပင် ပြောထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly