အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးအတွက် ရပ်တည်ကာကွယ်ပေးရေး မွတ်စလင်အသိုင်းအဝိုင်းကို အမေရိကန် တိုက်တွန်း

အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးအတွက် ရပ်တည်ကာကွယ်ပေးရေး မွတ်စလင်အသိုင်းအဝိုင်းကို အမေရိကန် တိုက်တွန်း

မွတ်စလင်အသိုင်းအဝိုင်းအနေဖြင့် အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများအတွက် ရပ်တည်ကာကွယ်ပေးရမည် ဖြစ်ကြောင်း  အမေရိကန်အထူးသံတမန်ဖြစ်သူက ပြောကြားလိုက်သည်ဟု Tolo News က ဖော်ပြသည်။

အာဖဂန် အမျိုးသမီးများ၊ မိန်းကလေးများနှင့် လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်အထူးသံတမန် ရီနာ အေမီရီသည် အမေရိကန်သံတမန်ရေးရာ အကြီးအကဲ ရူဖက် ဂီဖို့ဒ်နှင့်အတူ မွတ်စလင် အများစုရှိရာ နိုင်ငံအချို့မှ သံအမတ်ကြီးများကို Iftar ညစာဖြင့် တည်ခင်းမှုအပြီး အထက်ပါအတိုင်း မှတ်ချက်စကား ဆိုခဲ့ခြင်း ဖြစ်သည်။

“အာဖဂန် မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကို ပညာသင်ကြားမှုနဲ့ အလုပ်လုပ်ကိုင်ဖို့အတွက် ပိတ်ပင်ထားတဲ့ တာလီဘန်တွေရဲ့ မူဝါဒတွကို ဘယ်နိုင်ငံမှာမှ မတွေ့ရပါဘူး” ဟု ရီနာက တွစ်တာတွင် ရေးသည်။

ထို့ပြင် အာဖဂန်နစ္စတန်တွင် မိန်းကလေး ပညာရေးအပေါ် ပိတ်ပင်ကန့်သတ်မှုကိစ္စကို သူမက အလေးထား ပြောဆိုခဲ့သလို အဆိုပါနိုင်ငံ၌ စာသင်ကျောင်းများ ပြန်ဖွင့်စေရေး တာလီဘန်တို့ကို တိုက်တွန်းရန် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း တောင်းဆိုခဲ့သည်။

“အာဖဂန်နစ္စတန်မှာ မိန်းကလေးတွေ ကျောင်းပြန်တက်မှုအပေါ် ပိတ်ပင်ထားမှုအပါအဝင် စိန်ခေါ်မှု တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ရာမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်စေရေး တာလီဘန်တို့ကို တိုက်တွန်းတဲ့ နေရာမှာနဲ့ မျိုးနွယ်စုဆိုင်ရာနဲ့ ဘာသာရေး လူနည်းစုတွေ အပါအဝင် အာဖဂန်ပြည်သူအားလုံးကို အကာ အကွယ်ပေးရေး တောင်းဆိုရာမှာ စည်းလုံးညီညွတ်မှုက အရေးကြီးတယ် ဆိုတာကို သဘောတူခဲ့ကြပါတယ်” ဟု သူမက တွစ်တာတွင် ရေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly