ပြည်သူတို့လက်ဝယ် ပြန်လည်ရောက်ရှိလာတဲ့ အချုပ်အချာအာဏာ

ပြည်သူတို့လက်ဝယ် ပြန်လည်ရောက်ရှိလာတဲ့ အချုပ်အချာအာဏာ

မိမိတို့နိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော အမျိုးသား နိုင်ငံတော်အဖြစ် ရပ်တည်ခွင့် ရလာခဲ့သည်မှာ အားလုံးအသိပင် ဖြစ်သည်။ သို့သော် ၁၉၅၈ မှ ၁၉၆၀ အထိလည်းကောင်း၊ ၁၉၆၂ မှ ၂၀၁၅ အထိလည်းကောင်း ယင်းနှစ်ကာလများတွင် လွတ်လပ်ပါသည်ဟုဆိုသည့် မိမိတို့နိုင်ငံတွင် ပြည်သူအများမှာ လွတ်လပ်စွာ နေထိုင်ခွင့် မရနိုင်ခဲ့ကြပါ။

၁၉၅၈ မှ ၁၉၆၀ ကာလသည်လည်းကောင်း၊ ၁၉၆၂ မှ ၂၀၁၅ ခုအထိလည်းကောင်း မိမိတို့ ပြည်သူများသည် အသွင်အမျိုးမျိုးသော စစ်အာဏာရှင်စနစ်အောက်တွင်သာ နေထိုင်ခဲ့ကြရ၏။ လူမ်ျိုးခြား လက်အောက်မှ လွတ်မြောက်လာပြီးသည့် နှစ်ပေါင်း ၆၇ နှစ်အတွင်း မိမိတို့ပြည်သူများသည် စစ်အာဏာရှင်စနစ် လက်အောက်တွင် ၅၅ နှစ်မျှ နေထိုင်ခဲ့ရသည့် သဘောပင်ဖြစ်သည်။ ဒီမိုကရေစီ နည်းကျ အုပ်ချုုပ်သည့် တစ်စုံတစ်ရာ လွတ်လပ်သည့် ကာလသက်တမ်းသည် ၁၂ တာ ကာလမျှသာ ကြာမြင့်ခဲ့၏။ ကြေကွဲဖို့ ကောင်းသည်ဟုပင် ဆိုရပါမည်။

ယခုတော့ ၂၀၁၆ ခု ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူများကိုယ်တိုင်ရွေးချယ်သည့် ပြည်သူ့ ကိုယ်စားလှယ်များသည် လွှတ်တော်ကြီးတစ်ခုအတွင်း ဝင်လာနိုင်ခဲ့ကြပြီဖြစ်သည်။ သို့နှင့် တိုင် ယင်းလွှတ်တော်ကြီးသည်ပင် ၇၅ ရာခိုင်နှုန်းသာ ပြည်သူ့ကိုယ်စားလှယ်တော်များဖြစ်ကြပြီး ကျန် ၂၅ ရာခိုင်နှုန်းမှာ ကာကွယ်ရေးဦးစီးချုပ်ကို ကိုယ်စားပြုသော တပ်မတော်သားများဖြစ်နေသေး၏။ သို့သော် သည်ကိစ္စမှာ မိမိတို့ပြည်သူများ၏ ထူးခြားသော နိုင်ငံရေးကံကြမ္မာသာဖြစ်၏။

မည်သို့ပင်ဖြစ်စေ မိမိတို့ပြည်သူများ လက်လွတ်ဆုံးရှုံးခဲ့ရသည့် ဒီမိုကရေစီအခွင့်အရေးများကို ပြန်လည်ရယူနိုင်သည့် ခေတ်သစ်မုဒ်ဦးသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ မကြာခင်ကမှ ပြီးဆုံးသွားခဲ့ သည့် ရွေးကောက်ပွဲတွင် မိမိတို့ပြည်သူများအနေဖြင့် လုံး၀ အနှောင်အတည်းကင်းစွာ ကိုယ်တိုင်ရွေး ချယ်ခွင့်ရရှိသည့် အခွင့်အရေးကို ရခဲ့ကြသည်။ သည်အထဲ အခွင့်သာသည့်အချက်မှာ လက်ရှိကမ္ဘာ ကြီး၏ ဝန်ရိုးသည် ဒီမိုကရေစီ ယဉ်ကျေးမှု ဝန်ရိုးပေါ်တွင် ရပ်တည်လည်ပတ်နေသောကာလ ဖြစ်နေ ခြင်းကလည်း အနာဂတ်တွင် ပြည့်ဝသည့် ဒီမိုကရေစီစနစ်ဆီသို့ အနှေးနှင့်အမြန် ချဉ်းကပ်သွားနိုင်ဖို့ အခြေအနေ ပေးနေသည့်သဘော ဖြစ်နေပြန်သည်။

၁ - ၂ - ၂၀၁၅ နေ့က လွှတ်တော်ကြီးအတွင်း ခြေချ ဝင်ရောက်လာကြသည့် ကိုယ်စားလှယ် တော်များသည် လူထုက တိုက်ရိုက်ရွေးချယ်လိုက်သည့် လူထုကိုယ်စားလှယ်များဖြစ်ကြ၏။ ထို့ပြင် ယင်းကိုယ်စားလှယ်များ၏ ထူးခြားသည့် ဝိသေသလက္ခဏာမှာ သူတို့အားလုံးနီးပါးသည် အမိနိုင်ငံကြီး ဒီမိုကရေစီ မုဒ်ဦးအထိ ရောက်ရှိလာစေရေး မိမိတို့၏ ခင်ပွန်း၊ ဇနီး၊ သားသမီးနှင့် စီးပွားဥစ္စာများ စွန့်လွှတ်ခဲ့ကြရသည့် ပုဂ္ဂိုလ်များ ဖြစ်နေကြပြန်သည်။ ပုဂ္ဂိုလ်တစ်ဦးချင်းစီကိုယ်၌က ဒီမိုကရေစီရေး အတွက် ဘဝများ ကျိုးကြေရသည်အထိ အရင်းအနှီးပေးပြီးမှ လျှောက်လှမ်းလာခဲ့ကြရသူများ ဖြစ်သည်။ ၎င်းတို့သည်ကား လူူတစ်စုက ရွေးချယ်ထားသည့် လူတစ်စု ကိုယ်စားလှယ်များ မဟုတ်ကြ ပဲ လူထုကြီးကိုယ်တိုင်က ရွေးချယ်ထားသည့်  လူထုကိုယ်စားလှယ်တော်များ ဖြစ်ကြသည့်အားလျော် စွာ လူထုဆန္ဒကို အကောင်အထည် ဖေါ်ကြရမည့်သူများလည်း ဖြစ်လာကြရပြီ ဖြစ်သည်။

အမှန်တကယ်တော့လည်း လွှတ်တော်ကြီးအတွင်း ဝင်ရောက်လာကြသည့် လူထုကိုယ်စား လှယ်တော်များသည် လည်းကောင်း၊ မကြာခင် ကြေညာတော့မည့် အစိုးရသစ် အဖွဲ့ဝင်များသည် လည်းကောင်း အကျွင်းမဲ့တော့ မဟုတ်ကြပါ။ လူ့သဘာဝ ဓမ္မအတိုင်း ချို့ယွင်းမှု၊ တိမ်းစောင်းမှား ယွင်းမှုများနှင့် အခါအားလျော်စွာ မကင်းနိုင်သူများ ရှိကောင်းရှိလာနိုင်ဦးမည် ဖြစ်သည်။

သို့သော် လက်ရှိကာလတွင် ယင်းသို့သော ကိုယ်စားလှယ်များကို ပြည်သူတို့သည် မိမိတို့ လက်ဝယ်တွင်ရှိသည့် ရွေးကောက်ပွဲ အခွင့်အာဏာဖြင့် ပြင်ဆင် ထုတ်ပယ်ခြင်း ပြုနိုင်သည်သာ ဖြစ်ပါသည်။ အဘယ် ကြောင့်ဆိုသော် နိုင်ငံတော်၏ အချုပ်အချာ အာဏာဟူသမျှ ပြည်သူတို့လက်ဝယ်တွင် ထားရှိသည့် ခေတ်သစ်တစ်ခု ပွင့်လန်းလာနေပြီ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

နိဂုံးချုပ်ရလျင် မိမိတို့ပြည်သူများသည် လက်ရှိအနေအထားအရ လွှတ်တော်အသီးသီးအား လည်းကောင်း၊ အစိုးရအဖွဲ့သစ်အား လည်းကောင်း ဝန်းရံခြင်း၊ ထိန်းမတ်ပေးခြင်းအားဖြင့် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် ဖန်တီးသည့် အခွင့်အရေး စတင် ရရှိလာနေပြီဖြစ်ကြောင်း တင်ပြလိုက် ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly