တရုတ်က ပင်လယ်ဆိပ်ကမ်းလွှမ်းမိုးမှုမှတစ်ဆင့် ကမ္ဘာကိုလွှမ်းမိုးနိုင်ရန် ကြိုးပမ်း

တရုတ်က ပင်လယ်ဆိပ်ကမ်းလွှမ်းမိုးမှုမှတစ်ဆင့် ကမ္ဘာကိုလွှမ်းမိုးနိုင်ရန် ကြိုးပမ်း

တရုတ်သည် ပထဝီနိုင်ငံရေးရည်မှန်းချက်များအောင်မြင်ရန်နှင့် နိုင်ငံတကာ သင်္ဘောပြေးဆွဲရေးလုပ်ငန်းနှင့် ကမ္ဘာ့စီးပွားရေးတွင် လွှမ်းမိုးမှုရရန် ခါးပတ်လမ်းရပ်ဝန်း (BRI) စီမံကိန်းများဖြင့် ချိန်ညှိလျက် ကမ္ဘာတစ်ဝန်းရှိ ပင်လယ်ဆိပ်ကမ်းများအပေါ်ထိန်းချုပ်ရေးမဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်လျက်ရှိသည်။

ပင်လယ်ရေကြောင်းရပ်နားရာနေရာများအနီးတွင်ရှိသော ပထဝီဝင်ဗျူဟာအရ အရေးပါသည့်နိုင်ငံများတွင် ဆိပ်ကမ်းများတည်ဆောက်ခြင်းသည် တရုတ်၏ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာအတွက် အဓိကကျကြောင်း အပြည်ပြည်ဆိုင်ရာအခွင့်အရေးနှင့်လုံခြုံရေးဖိုရမ် (IFFRAS) မှ ကျွမ်းကျင်သူများက ယူဆထားသည်။

“ဒီဆိပ်ကမ်းချိတ်ဆက်မှုတွေဟာ ဆိပ်ကမ်းဆောက်တာလက်ခံတဲ့နိုင်ငံတွေမှာသာမကဘဲ ပတ်ဝန်းကျင်နိုင်ငံတွေမှာပါ တရုတ်ရဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးစေနိုင်ပါတယ်” ဟု ဒီမိုကရေစီ ကာကွယ်ရေးဖောင်ဒေးရှင်းမှ တရုတ်အရေးကျွမ်းကျင်သူ ခရေ့ဂျ်ဆင်ဂဲလ်တန်က VOA သို့ ပြောသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အစည်ကားဆုံး ဆိပ်ကမ်း ၁၀ ခုအနက် ၇ ခုကို ပိုင်ဆိုင်ထားသည်။

တရုတ်သည် သင်္ဘောကုန်စည်ပို့ဆောင်မှုပစ္စည်းများကို ဦးဆောင်ထုတ်လုပ်သူ ဖြစ်သလို ကမ္ဘာ့သင်္ဘောကွန်တိန်နာများ၏ ၉၆ ရာခိုင်နှုန်းကို ထုတ်လုပ်နေကာ ကုန်စည်အတင်အချဝန်ချီစက် ၈၀ ရာခိုင်နှုန်းကိုလည်း ထုတ်လုပ်ပေးနေသည်။ ၂၀၂၀ ခုနှစ်က ကမ္ဘာ့သင်္ဘောတည်ဆောက်ရေးအမှာစာများ၏ ၄၈ ရာခိုင်နှုန်းကို လက်ခံရရှိခဲ့သည်။

တရုတ်သည် ကွန်တိန်နာပမာဏအားဖြင့် ကမ္ဘာ့ထိပ်တန်း ဆိပ်ကမ်း ၁၅ ခုတွင် ၁၅ ခုစလုံး၌ ထိန်းချုပ်ထား နိုင်ကာ အဓိကရင်းနှီးမြှုပ်နှံမှုများ ရှိနေသည်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အခြေခံအဆောက်အအုံ အပြင် နိုင်ငံပေါင်း ၆၃ နိုင်ငံတွင် ဆိပ်ကမ်းပေါင်း ၁၀၀ ကျော်ကို ထိန်းချုပ်ထားနိုင်ကာ ဆိပ်ကမ်းများ ထပ်မံရှာဖွေ လျက်ရှိသည်။

“ကမ္ဘာတစ်ဝန်းက တရုတ်ကုမ္ပဏီတွေပိုင်ဆိုင်တဲ့ ဆိပ်ကမ်း ၉၆ ခုအနက် အများအပြားဟာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့နေရာတွေမှာတည်ရှိပြီး စစ်သားတစ်ယောက် ၊ သင်္ဘောတစ်စင်း ဒါမှမဟုတ် လက်နက်တွေ သုံးစရာမလိုပဲ တရုတ်အတွက် ဗျူဟာမြောက်လွှမ်းမိုးမှု ပေးနိုင်ပါတယ်” ဟု ပညာရှင်များ၏ ထောက်ပြချက်ကို Daily Mail ၌ ဖော်ပြထားသည်။

တရုတ်သည် ယခုအခါ ဥရောပနှင့် မြေထဲပင်လယ်ရှိ ဆိပ်ကမ်း ၁၀ ပုံ ၁ ပုံနီးပါးကို ထိန်းချုပ်ထားနိုင်ပြီဟု ခန့်မှန်းရသည်။

တရုတ်သင်္ဘောကုမ္ပဏီ COSCO သည် ဟမ်ဘာ့ဂ်ဆိပ်ကမ်းတွင် အစုရှယ်ယာထည့်ဝင်ခြင်းဖြင့် ဥရောပတွင် ၎င်း၏ခြေရာဆန့်ရန် အသင့်ဖြစ်နေကာ လက်ရှိဆွေးနွေးမှုများ အောင်မြင်ပါက ဥရောပတွင် ၈ ခုမြောက်ဆိပ်ကမ်း ရှိလာမည်ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် တောင်တရုတ်ပင်လယ်တွင် ၎င်း၏တောင်းဆိုမှုများ ခိုင်မာအားကောင်းစေရန် ပင်လယ်ရေကြောင်းရေယာဉ်များ တိုးချဲ့ရေးတွင် နှစ်ပေါင်းများစွာ ရန်ပုံငွေ ပံ့ပိုးပေးလျက်ရှိကြောင်း RFA ကို ကိုးကား၍ အိန္ဒိယ-ပစိဖိတ် ကာကွယ်ရေးဖိုရမ်က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly