ရှင်ကျန်းမှ အထင်ကရဈေးကို တရုတ်အာဏာပိုင်များ ဖျက်ဆီး

ရှင်ကျန်းမှ အထင်ကရဈေးကို တရုတ်အာဏာပိုင်များ ဖျက်ဆီး

ရှင်ကျန်း ကက်ရှ်ဂါဒေသရှိ အထင်ကရဈေးတစ်ခုဖြစ်သည့် Grand Bazaar ကို တရုတ်အာဏာပိုင်များက ဖြိုချလိုက်ကြောင်း RFA က မေ ၈ ရက်တွင် ဖော်ပြသည်။

အဆောက်အအုံများနှင့် ဆိုင်ခန်းခေါင်မိုးများဖယ်ရှားခြင်းအပါအဝင် ဈေးအတွင်း သိသိသာသာ ပြောင်းလဲနေကြောင်း ဧပြီ ၄ ရက်မှ မေ ၄ ရက်အတွင်း ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံများအရ PlanetLabs Inc ကို ကိုးကား၍ RFA က ဖော်ပြသည်။

အိုအေစစ်မြို့ အူရမ်ကီတွင်တည်ရှိသော အဆိုပါဈေးသည် ရှင်ကျန်းတွင် အကြီးဆုံး နိုင်ငံတကာကုန်သွယ်မှုဈေးကြီးဖြစ်ပြီး မြေဧက ၂၅၀ ပေါ်တွင် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၉ ၀၀၀ ကျော်ရောင်းချသည့် ဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ရှိသည်။

အဆိုပါဈေးတွင် ဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် ဟင်းခတ်အမွှေးအကြိုင်၊ လက်ဖက်ခြောက်၊ ပိုးထည်၊ သစ်သီးခြောက်၊ ကော်ဇော်၊ ဂီတတူရိယာများ၊ အလယ်အာရှဒေသမှအဝတ်အထည်များနှင့် ရိုးရာခေါင်းဆောင်းများကို ရောင်းချကြသည်။

ထိုနေရာ၌ ကမ္ဘာလှည့်ခရီးသည်များအတွက်လည်ပတ်ရာနေရာတစ်ခု ပေါ်ပေါက်လာလိမ့်မည်ဟု ဒေသတာဝန်ရှိသူကို ကိုးကား၍ RFA ကဖော်ပြသည်။

ဈေးသစ်အတွက် လမ်းဖောက်ရန် ဆိုင်များကို ဖြိုချနေပြီး ဆိုင်ပိုင်ရှင်များကို မြို့နှင့်ဝေးရာ နေရာသစ်သို့ အတင်းအကျပ်ရွှေ့ပြောင်းခိုင်းသည်။

အစိုးရ၏ ဈေးဖျက်ရန် ဆုံးဖြတ်ချက်အပေါ် မကျေနပ်သံထွက်သည့် ဈေးသည်များကို နှိမ်နင်းလျက်ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းနေကြောင်း ဒေသသတင်းရင်းမြစ်များက RFA သို့ ပြောသည်။ 

၎င်းဈေးတွင် ၁၉၉၂ မှ ၁၉၉၈ ခုနှစ်အထိ ဆိုင်ဖွင့်ခဲ့သော အမေရိကန်အခြေစိုက် အဝေးရောက်ဝီဂါဖြစ်သည့် ကာဆင်ဂျန်အဗ္ဗဒူရီဟင်က ၎င်းဈေးသည် အိမ်နီးချင်းနိုင်ငံများနှင့် အလယ်အာရှရှိ ယခင်ဆိုဗီယက်နိုင်ငံများမှ ကုန်သည်များအတွက် အချက်အချာကျသည့် လက်ကားဈေးတစ်ခုဖြစ်ပြီး ကက်ရှ်ဂါသို့ လာရောက် လည်ပတ်သူများအတွက် လည်ပတ်စရာနေရာတစ်ခုဖြစ်လာခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly