မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများအား ထောက်ပံ့ငွေ ပိုမိုပေးအပ်ရန် လိဂ်ကော်မတီစီစဉ်

မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများအား ထောက်ပံ့ငွေ ပိုမိုပေးအပ်ရန် လိဂ်ကော်မတီစီစဉ်
၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးကျင်းပနေစဉ်။ (ဓါတ်ပုံ MFF)

ဖေဖော်ဝါရီ ၂ ၊ ရန်ကုန်။         ။ ယခုနှစ် ၂၀၁၆ ဘောလုံးရာသီမှ စ၍ မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေဖြင့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများအား ထောက်ပံ့ငွေ ပိုမိုပေးအပ်ရန် စီစဉ်ထားသည် ဟု မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးစိုးမိုးကျော်က ပြောသည်။

ဖေဖော်ဝါရီ တစ်ရက်နေ့တွင် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊ လိဂ်ကော်မတီတာဝန်ရှိသူများ၊ ကလပ်အသင်းပိုင်ရှင်များ ပါဝင်သည့် လိဂ်ကော်မတီအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် လိဂ်-၁ ကလပ်အသင်းများအား တစ်သင်းလျှင် သိန်း ၆၀၀ နှင့် လိဂ်-၂ ကလပ်အသင်းများအား တစ်သင်းလျှင် သိန်း ၂၀၀ စီ ထောက်ပံ့ငွေ ပေးအပ်သွားရန် စီစဉ်ခဲ့သည်။

“ ဒီရာသီက စပြီး ကလပ်အသင်းတွေကို ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ စီထပ်တိုးပေးသွားတာပါ။ ချက်ချင်းထုတ်ပေးတာမျိုးလည်း မဟုတ်ပါဘူး။ ပြိုင်ပွဲက ရတဲ့စရိတ်ကို အချိုးကျ ပြန်ခွဲတဲ့သဘောပါပဲ။ အရင်က သိန်း ၅၀၀ ပေးပါတယ်။ အခု သိန်း ၆၀၀ ဆိုတော့ ၁၀၀ ပဲ တိုးတာပါ။

နောက်ထပ်တိုးဖို့ ဆိုတာက လိဂ်ရဲ့ စပွန်ဆာစရိတ်တွေ၊ တီဗီထုတ်လွှင့်မှုတွေ စတာတွေကတွေ ဝင်ငွေရမှ ပေးနိုင်မှာပါ။ ကလပ်အသင်းတွေရဲ့ အခြားလိုအပ်တာတွေ ရှိရင်လည်း ကူညီပေးဖို့ ပြောထားပါတယ်။ လိဂ်အောင်မြင်မှုရဖို့အတွက်တော့ အားလုံးအဖက်ဖက်က ကြိုးပမ်းဆောင်ရွက်နေကြပါတယ် ” ဟု ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များအား ၂၀၀၉ ခုနှစ်မှ စတင်ကာ ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိတွင် လိဂ်-၁၊ လိဂ်-၂ ပြိုင်ပွဲ ၊ အသက် ၂၀ အောက် လူငယ်လိဂ်-၁ ပြိုင်ပွဲ၊ အသက် ၁၈ နှစ်အောက် လူငယ် လိဂ်-၂ ပြိုင်ပွဲ တို့ ကျင်းပလျက်ရှိသည်။ ထို့ပြင် ယခုနှစ် ၂၀၁၆ ဘောလုံးရာသီ၌ အပျော်တမ်းလိဂ်ပြိုင်ပွဲ (သို့) လိဂ်-၃ ပြိုင်ပွဲနှင့် အမျိုးသမီးလိဂ်ပြိုင်ပွဲ တို့ကိုလည်း ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly