တစ်ကောင်ကြွက်ရွှေ့ပြောင်းအခြေချ ကလေးငယ် ၁၀၀၀၀ မှာ ခြေရာပျောက်လျှက်ရှိ

တစ်ကောင်ကြွက်ရွှေ့ပြောင်းအခြေချ ကလေးငယ် ၁၀၀၀၀ မှာ ခြေရာပျောက်လျှက်ရှိ

ရာဇဝတ်ဂိုဏ်းများ၏ အသုံးချခံရနိုင်ဟု အီးယူအေဂျင်စီ ပြော

သည်ဟိတ်၊ ဖေဖော်ဝါရီ - ၂ ။            ။ ဥရောပ၏ ရွှေ့ပြောင်းအခြေချ အကျပ်အတည်းကို ကိုင်တွယ်နေကြသည့် အာဏာပိုင်များမှာ အဖော်မဲ့ တစ်ကောင်ကြွက်ကလေးငယ် ၁၀၀၀၀နှင့် ပတ်သက်၍ လမ်းစပျောက်လျှက် ရှိကြသောကြောင့် ရာဇဝတ်ဂိုဏ်းများက အန္တရာယ်ကျရောက်လွယ်သည့် အနေအထားတွင် ရှိနေသည့် ကလေးငယ်များကို အသုံးချအမြတ်ထုတ်မည်ကို စိုးရိမ်နေကြရကြောင်း ဥရောပသမဂ္ဂ ရဲအေဂျင်စီမှ အကြီးတန်းအရာရှိတစ်ဦးက ဇန်နဝါရီ ၁ရက်နေ့က ပြောကြားခဲ့သည်။

ထိုအရေအတွက်မှာ လွန်ခဲ့သည့် ၁၂လမှ ၁၈လအထိ ဥရောပတစ်လွှားရှိ ရွှေ့ပြောင်းအခြေချအကျပ်အတည်ကို ရင်ဆိုင်နေရသည့် နိုင်ငံအားလုံးတွင် ခြေရာပျောက်သွားသည့် တစ်ကောင်ကြွက် ကလေးငယ် ခန့်မှန်းအရေအတွက်ဖြစ်သည်ဟု ယူရို ရဲတပ်ဖွဲ့ အကြီးအကဲ ဘရိုင်ယင် ဒေါ်နယ်က ပြောကြားခဲ့သည်။

တစ်ကောင်ကြွက်ကလေးငယ် အမြောက်အများ ခြေရာပျောက်နေသည်မှာ ရွှေ့ပြောင်းအခြေချ အကျပ်အတည်းတွင်ထပ်တိုးလာသည့် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ပင်ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းတွင် စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးလာကြသည့် လူများ ရင်ဆိုင်နေကြရသည့် အန္တရာယ်များကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

အဖော်မဲ့ကလေးငယ် ၁၀၀၀၀ပျောက်ဆုံးနေသည်ဟူသည့် ခန့်မှန်းချက်မှာ ဥပဒေစိုးမိုးရေး အာဏာပိုင်များ၊ အစိုးရများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ သတင်းပို့ချက်များအပေါ်တွင် အခြေခံ၍ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဒေါ်နယ်က ပြောကြားခဲ့သည်။

‘သူတို့ဟာ စနစ်ထဲမှာ ပျောက်ဆုံးနေတယ်။ အပြင်ကမ္ဘာမှာ သူတို့ကို ခေါင်းပုံဖြတ်မယ့်သူတွေ စောင့်နေတော့ စိုးရိမ်စရာပါပဲ။ သူတို့ကို ခေါ်သွားပြီး ကိုယ်ကျိုးအတွက် အသုံးချမယ့်သူတွေ ရှိနေပါတယ်’ဟု ၎င်းက ပြောကြားခဲ့သည်။   

ရွှေ့ပြောင်းအခြေချများ၏ ရေပန်းအစားဆုံး ခရီးဆုံးဖြစ်သည့် ဆွီဒင်နိုင်ငံကလည်း ထိုပြဿနာကို စောကြောမိပါသည်။ စတော့ဟုမ်း ခရိုင် အစိုးရက ဆွီဒင် ရွှေ့ပြောင်းအခြေချအေဂျင်စီ၏ ကိန်းဂဏန်း များကို ကိုးကားထားသည့် သတင်းထုတ်ပြန်ချက်တစ်ခုတွင် လွန်ခဲ့သည့် ၆နှစ်အတွင်း ဆွီဒင်တွင် ခိုလှုံခွင့်လျှောက်ထားခဲ့သည့် အဖော်မဲ့ကလေးငယ် ၅၅၀၀၀အနေက် ၁၉၀၀မှာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။ ပျောက်ဆုံးသွားသည့် ကလေးငယ်များမှာ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို ယခုအချိန်အထိ ကွဲကွဲပြားပြား မသိရှိရသေးပေ။ ပျောက်ဆုံးကလေးငယ်များအနက် ၈၈ ရာခိုင်နှုန်း မှာ ယောကျာ်းလေးများဖြစ်သည်ဟု ဆိုသည်။

‘သူတို့ ပျောက်ဆုံးသွားပြီး ဘာဖြစ်သွားတယ်ဆိုတာ သတင်းမရသလောက်ပါပဲ။ ဒီကလေးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ခေါင်းပုံဖြတ် အသုံးချခံရဖို့ များပါတယ်’’ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly