ပစိဖိတ်သမုဒ္ဒရာသို့ တရုတ်တပ်များ ဦးတည်လာသဖြင့် ဂျပန်နှင့် ထိုင်ဝမ်စစ်တပ်များ တပ်လှန့်ထား

By RFA
07 May 2022
ပစိဖိတ်သမုဒ္ဒရာသို့ တရုတ်တပ်များ ဦးတည်လာသဖြင့် ဂျပန်နှင့် ထိုင်ဝမ်စစ်တပ်များ တပ်လှန့်ထား

တရုတ်ရေတပ်မှ သင်္ဘောအုပ်စု သည် လောင်နင်းလေယာဉ်တင်သင်္ဘောဦးဆောင်လျက် အရှေ့တရုတ်ပင်လယ်မှ ပစိဖိတ်သမုဒ္ဒရာသို့ ဦးတည်ခုတ်မောင်းလာသည်ကို တွေ့ရှိပြီးနောက် ဂျပန်နှင့် ထိုင်ဝမ်က စစ်တပ်များကို တပ်လှန့်ထားခဲ့သည်။

ဖျက်သင်္ဘောများနှင့် ထောက်ပံ့ရေးသင်္ဘောများ ၇ စင်းလိုက်ပါလာသည့် လောင်နင်းသင်္ဘောသည် အရှေ့တရုတ် ပင်လယ်မှ ထွက်ခွာပြီး အနောက်ပစိဖိတ်သို့ မဝင်ရောက်မီ ဂျပန်၏ အိုကီနာဝါနှင့် မီယာကို ကျွန်းများကြား ရေပြင်ကို ဖြတ်သန်းသွားခဲ့ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ပူးတွဲစစ်ဦးစီးရုံးက မေ ၂ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် တရုတ်သင်္ဘောများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် P-1 ရေကြောင်း ကင်းလှည့်လေယာဉ်နှင့် P-3C ရေငုပ်သင်္ဘောဖျက်လေယာဉ်၊ အီဇူမီအပေါ့စား လေယာဉ်တင်သင်္ဘောတို့ကို စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဆွန်လီဖန်ကလည်း ထိုင်ဝမ်စစ်တပ်သည် ထိုင်ဝမ်အနီး တစ်ဝိုက်ရှိ ရေပြင်နှင့် လေပိုင်နက်အတွင်း တရုတ်စစ်ရေးလေ့ကျင့်မှုများကို အနီးကပ်စောင့်ကြည့်နေပြီး သင့်လျော်သော တုံ့ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း မေ ၃ရက်တွင် ပြောကြားခဲ့သည်။

လောင်နင်းသင်္ဘောအုပ်စုရှိ စစ်သင်္ဘော ၇ စင်းတွင် Type 055 ကြီးမားသော ပဲ့ထိန်းဒုံး ကျည်ဖျက်သင်္ဘော နန်ချန်း၊ Type 052D ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောချန်ဒူနှင့် Type 901 အလုံးစုံ ထောက်ပံ့ ရေးသင်္ဘော ဟူလန်ဟူတို့ပါဝင်ကြောင်း ဂျပန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လောင်နင်း သင်္ဘောအုပ်စု၏ လတ်တလော ရေကြောင်းသွားလာမှုအတွင်း စုစုပေါင်း သင်္ဘော ၈ စင်းဖြင့် အများဆုံးသွားလာမှု ဖြစ်ကြောင်း နိုင်ငံပိုင် တရုတ်သတင်းစာ Global Times က ဖော်ပြခဲ့သည်။

လောင်နင်းနှင့် အခြားသင်္ဘောများသည် 'ပုံမှန် PLA ရေတပ်၏ ကမ်းဝေးပင်လယ်ပြင်လေ့ကျင့်မှု' တွင် ပါဝင်နိုင်သည်ဟု သတင်းစာက ဆိုသည်။

လောင်နင်းလေယာဉ်တင်သင်္ဘောအုပ်စုသည် ထိုင်ဝမ်နှင့် ဂျပန်တို့ပါဝင်သော First Island Chain ဟုခေါ်သော ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ၂၀၂၂ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required