ဂျာမနီရောက် အိန္ဒိယနိုင်ငံသားများ၏ အောင်မြင်မှုအတွက် ဝမ်းမြောက်ကြောင်း ဝန်ကြီးချုပ် မိုဒီပြောကြား

ဂျာမနီရောက် အိန္ဒိယနိုင်ငံသားများ၏ အောင်မြင်မှုအတွက် ဝမ်းမြောက်ကြောင်း ဝန်ကြီးချုပ် မိုဒီပြောကြား

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် မေ ၂ ရက်က ဂျာမနီနိုင်ငံ ဘာလင်မြို့ရောက် အိန္ဒိယနိုင်ငံသားများနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ အောင်မြင်မှုအတွက်  ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

‌“ဘာလင်မြို့မှာ အချိန်အစောကြီးရှိသေးပေမယ့် အိန္ဒိယသားတွေ ရောက်လာကြတယ်။ ကျွန်တော့်ကို အံ့အားသင့်စရာကောင်းလောက်အောင် လာတွေ့ကြတယ်။ အဝေးရောက်ပြည်သူတွေရဲ့ အောင်မြင်မှုအပေါ် များစွာ ဂုဏ်ယူပါတယ်” ဟု မိုဒီက ၎င်း၏ တွစ်တာတွင် ရေးသားထားသည်။

‌ဥရောပဒေသသို့ ၃ရက်ကြာ ခရီးစဉ်အတွင်း မိုဒီသည် ဂျာမနီနိုင်ငံသို့ ပထမဆုံးရောက်ရှိလာချိန်တွင် ၎င်းအား ဘာလင်မြို့ရှိ ပြည်ပရောက်အိန္ဒိယနိုင်ငံသားများက လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

‌ဝန်ကြီးချုပ်မိုဒီ Hotel Adlon Kempinski သို့ ရောက်ရှိလာချိန်တွင် ပြည်ပရောက် အိန္ဒိယ နိုင်ငံသားများက လာရောက်စောင့်ဆိုင်း ကြိုဆိုခဲ့ရာတွင် ကလေးငယ်များကလည်း ၎င်းတို့၏ မိဘများနှင့်အတူ လက်များကို ဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြသည်။

‌“မိုဒီနဲ့ တွေ့ရတာ အံ့ဩစရာကောင်းတဲ့ အတွေ့အကြုံပါ။ သူက ကျွန်မရဲ့ စံပြပုဂ္ဂိုလ်ပဲ။ ကျွန်မရေးဆွဲထားတဲ့ သူ့ရဲ့ ပုံတူပန်းချီကားကို သူ့လက်မှတ်ထိုးပေးသွားတယ်” ဟု ဝန်ကြီးချုပ်နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့သူ မန်ယာက ပြောကြားသည်။

သူမ၏ မိခင်ဖြစ်သူကလည်း “ဝန်ကြီးချုပ်မိုဒီရောက်လာတာဟာ ဂျာမနီမှာ နေတဲ့ အိန္ဒိယပြည်သူတွေအတွက် အိပ်မက်တစ်ခုလိုပါပဲ။ အိန္ဒိယနိုင်ငံမှ ဝန်ကြီးချုပ်မိုဒီလုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို မြင်တွေ့နေရပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဥရောပနိုင်ငံတွေရဲ့ နောက်ကျ ကျန်ရစ်မနေဘူးဆိုတာ ဂုဏ်ယူမိပါတယ်။ ဝန်ကြီးချုပ်နဲ့ ကိုယ်တိုင်တွေ့ခွင့်ရတာ ကံကောင်းပါတယ်” ဟု ပြောကြားသည်။

ဂျာမနီနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း မိုဒီသည် ဝန်ကြီးချုပ်သစ် အိုလက်ဖ်ချိုဇက်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့နှစ်ဦးသည် ၆ ကြိမ်မြောက် အိန္ဒိယ-ဂျာမနီ အစိုးရများအကြား တိုင်ပင်ဆွေးနွေးပွဲ(IGC) အား ပူးတွဲသဘာပတိများအဖြစ် ဦးအောင် ကျင်းပမည်ဖြစ်သည်။ ‌ထို့နောက် နှစ်နိုင်ငံမှ အမှုဆောင်အရာရှိချုပ်များနှင့်အတူ အဆင့်မြင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဝန်ကြီးချုပ်မိုဒီသည် ဂျာမနီနိုင်ငံရောက် အိန္ဒိယနိုင်ငံသားများကိုလည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ‌မိုဒီသည် မေ ၃ ရက်တွင် ဒိန်းမတ်နို်ငငံသို့ ရောက်ရှိခဲ့ကာ မြောက်ဥရောပနှင့် မြောက်အတ္တလန္တိတ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး မေ ၄ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ သမ္မတအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတ အီမန်နျူမက်ခရွန်နှင့် တွေ့ဆုံကာ ဥရောပခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required