ဘင်္ဂလားဒေ့ရှ်သစ်ပင်လူသား သစ်ကိုင်းများကို ဖယ်ရှားရန် ခွဲစိတ်ခံမည်

ဘင်္ဂလားဒေ့ရှ်သစ်ပင်လူသား သစ်ကိုင်းများကို ဖယ်ရှားရန် ခွဲစိတ်ခံမည်

ဒါကာ၊ ဇန်နဝါရီ - ၂ ။              ။ လက်နှင့် ခြေထောက်များမှ အဖုအထစ် သစ်ကိုင်းများသဏ္ဍန် တိုးထွက်နေသော ဘင်္ဂလားဒေ့ရှ်အမျိုးသားမှာ ခွဲစိတ်ကုသမှု ခံယူတော့မည်ဖြစ်သည်။

အဘူ ဘာဂျန်ဒရာမှာ အသားမာကြွက်နို့ဆန်ဆန် တစ်ရှူးပျက်စီးမှုကို ဖြစ်ပေါ်စေသည့် ရှားပါးသည့် ရောဂါတစ်မျိုးကို နှစ်ပေါင်း ၂၀နီးပါး ကြာမြင့်အောင် ခံစားလာနေခဲ့ရသည်။ ထိုရောဂါကို သစ်ပင်လူသားရောဂါဟုလည်း ခေါ်သည်။

ဘာဂျန်ဒရာ ဆယ်နှစ်သားအရွယ်တွင် သူ၏ လက်များမှ ထူးဆန်းသည့် သစ်ကိုင်းသဏ္ဍန်အရာများ တိုးထွက်လာသည်ကို သတိထားမိလာပြီး ထိုအရာများကို သူ့ဖာသာ ဖြတ်တောက်ရန် ကြိုးစားခဲ့သည်ဟု ဘာဂျန်ဒရာ၏ ဆရာဝန် ဆမန်တာ လယ်ဆင်က စီအင်အင်သို့ ပြောကြားခဲ့သည်။

ယခုဆိုလျှင် ဘာဂျန်ဒရာမှာ အသက် ၃၀ရှိပြီဖြစ်ပြီး မှတ်တမ်းရှိဖူးသမျှ အလားတူရောဂါများထဲတွင် အပြင်းထန်ဆုံးဖြစ်သည်ဟု ဆိုသည်။ ‘ဒါက ဘင်္ဂလားဒေ့ရှ်မှာရော ကမ္ဘာမှာပါ အရှားပါးဆုံး ရောဂါ တစ်ခု ဖြစ်နိုင်ပါတယ်’ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် ဒါကာဆေးရုံမှ ခွဲစိတ်ဆရာဝန်ချုပ် လယ် ဆင်းက ပြောကြားခဲ့သည်။

ရောဂါအခြေအနေမှာ အချိန်နှင့်အမျှ ဆိုးရွားလာနေသောကြောင့် ခူလနာဟုခေါ်သည့် မြို့ငယ်လေးတစ်မြို့မှ သုံးဘီးအနှေးယာဉ်မောင်းသမား ဘာဂျန်ဒရာမှာ သူ့အလုပ်ကို စွန့်လွှတ်လိုက်ရသည်။

ယခုဆိုလျှင် ဘာဂျန်ဒရာခမျာ ထမင်းစားရန် ဇွန်းကို မကိုင်နိုင်တော့သလို၊ သွားတိုက်ရန် သွားပွတ်တံကိုလည်း မကိုင်နိုင်တော့ချေ။ ထိုရောဂါမှာ ကိုယ်ခံအားစနစ်တွင် တစ်စုံတစ်ရာ ချွတ်ယွင်း မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး၊ ဖြစ်ပွားလာပါက အသားမာကြွက်နို့ဆန်ဆန်များကို ဖြစ်ပွားစေသည့် HPVဟု အတိုကောက်ခေါ်သည့် Human Papilloma Virus ကို အလွယ်တကူ ဝင်ရောက်စေနိုင်သည်ဟု ဆိုသည်။ 

HPV ဗိုင်းရပ်အမျိုးမစား များစွာရှိရာတွင် အတွေ့ရအများဆုံးမှာ လည်ပင်းကင်ဆာနှင့် ဆက်နွယ်သည့် အမျိုးအစားဖြစ်သည်ဟု ဆိုသည်။ တစ်ရွာလုံးက လူပြောသူပြောများလာရာ နောက်ဆုံးတွင် ဘာဂျန်ဒရာ၏ ဒုက္ခကို ဒါကာမှ ခွဲစိတ်ဆရာဝန်များပင် သိရှိလာကာ အခမဲ့ခွဲစိတ်ပေးရန် ကမ်းလှမ်းလာကြသည်ဟု ဆိုသည်။

‘ခွဲစိတ်မှုက အကြိမ်ကြိမ်လုပ်ရမယ့် ရှည်လျားတဲ့ လုပ်ငန်းစဉ်ပါ။ အကုန်လုံးပြီးဖို့ဆိုရင် ၆လကျော် ကြာနိုင်ပါတယ်’ဟု လယ်ဆင်က စီအင်အင်သို့ ပြောကြားခဲ့သည်။ ဘာဂျန်ဒရာနည်းတူ ဆရာဝန်များက လည်း ခွဲစိတ်မှု အောင်မြင်လိမ့်မည်ဟု အကောင်းမြင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly