ဖမ်းဆီးခံရခြင်းမရှိဟု ဒါရိုက်တာမောင်သီ ရှင်းလင်း

ဖမ်းဆီးခံရခြင်းမရှိဟု ဒါရိုက်တာမောင်သီ ရှင်းလင်း

မေလ ၇ ရက်

စစ်ကောင်စီက မေလ ၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရခြင်း မရှိကြောင်း ဒါရိုက်တာမောင်သီက ပြန်လည် ရှင်းလင်း ပြောဆိုသည်။

"တခြား ဦးသီ နာမည်နဲ့ သတင်းတင်တဲ့ အကောင့်ကို ဖမ်းဝရမ်း ထုတ်တာပါ၊ ဦးသီ မဟုတ်ပါဘူး။ အခု လက်ရှိမှာ နေအိမ်မှာပဲ ရှိနေပါတယ်။ စိတ်ပူပေးကြတဲ့ သူတွေလည်း စိတ်မပူကြပါနဲ့နော်" ဟု ဒါရိုက်တာမောင်သီ က ပြောဆိုကြောင်း Popular News Journal သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက် တစ်ခုက ဒါရိုက်တာမောင်သီ အဖမ်းခံပြီ ဆိုသော သတင်းများ ယနေ့ နံနက်တွင် ပျံ့နှံ့သွားစေခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ သန်းလွင်(ခ) ဒါရိုက်တာမောင်သီ သည် ၎င်းအသုံးပြုသည့် ‘U Thi” Face book အကောင့်မှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူထားကြောင်း မေလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော အငြင်းပွါးဖွယ်ရာ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာတွင် ဒါရိုက်တာမောင်သီ ဆိုသော အကောင့်တစ်ခုကို တွေ့ရသော်လည်း ရုပ်ရှင်သရုပ်ဆောင် လွင်မိုး ၏အကိုဖြစ်ပြီး Forever Group ၏ အနုပညာ အကြံပေးနှင့် ရုပ်ရှင်နှင့်ပြဇာတ် ဒါရိုက်တာ မောင်သီ ၏ အကောင့် မဟုတ်ဟု ယုံကြည်ရသည်။

အစောပိုင်းက ဒါရိုက်တာမောင်သီ အဖမ်းခံရကြောင်း သတင်း ထုတ်လွှင့်ခဲ့သည့် စစ်ကောင်စီတပ်၏ ဝါဒဖြန့် ချန်နယ် တစ်ခုဖြစ်သော ဟန်ငြိမ်းဦး ချန်နယ်က “ ဒါရိုက်တာမောင်သီကို ဖမ်းမိခြင်း မဟုတ်ဘဲ ဒါရိုက်တာမောင်သီ အကောင့်တု သုံးတဲ့သူကို ဖမ်းမိခြင်းဟု သိရ” ဟု ပြန်လည် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် “ဒါရိုက်တာမောင်သီ အစစ်ကိုလည်း ခေါ်ယူ စစ်ဆေးပြီး…” ဟု ပါရှိသည်။

ဒါရိုက်တာမောင်သီ အနေဖြင့် လက်ရှိ နေအိမ်တွင် နေကောင်း ကျန်းမာစွာ ရှိနေကြောင်း Popular News Journal သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly