တရုတ်၏ ရည်မှန်းချက်ကြီးမားသော ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း အခက်ကြုံနေ

တရုတ်၏ ရည်မှန်းချက်ကြီးမားသော ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း အခက်ကြုံနေ

တရုတ်၏ပုံရိပ်နှင့်လွှမ်းမိုးမှုမြှင့်တင်နိုင်ရန် ယနေ့အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံထက်မနည်းတွင် အကောင်အထည်ဖော်ထားသော မူလက ခါးပတ်တစ်ကွင်း လမ်းတစ်စင်းဟု ခေါ်သည့် ခါးပတ်လမ်းရပ်ဝန်း (BRI) စီမံကိန်းသည် နှေးကွေးလာပြီး ရုရှား-ယူကရိန်းစစ်ပွဲပြီးနောက် ယင်းမဟာဗျူဟာသည်လည်း ကျဆုံးလာဖွယ်ရှိသည်။

ယူကရိန်းကို ကျူးကျော်သဖြင့် ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကြောင့် ဖြစ်ပေါ်လာသော အတားအဆီးများနှင့် နှောင့်နှေးမှုများသည် BRI စီမံကိန်း၏ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာလဲပြိုမှုကို အရှိန်ရလာစေသည်။

BRI သည် တရုတ်နိုင်ငံနှင့် ၎င်း၏နယ်နိမိတ်ချင်းထိစပ်နေသော သို့မဟုတ်ကုန်သွယ်မှုပြုလုပ်သော ထွန်းသစ်စ နိုင်ငံများအတွက် ကမ္ဘာတစ်ဝန်း၌ စီစဉ်လုပ်ဆောင်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တစ်ခုဖြစ်သည်။ ၎င်းသည် ရှေးခေတ်ပိုးလမ်းမကို ပြန်လည်သိမ်းပိုက်ရန်နှင့် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ရည်ရွယ်ထားသည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။ သို့သော် BRI စီမံကိန်းများသည် ပါဝင်နေသော နိုင်ငံများအတွက် ကြွေးမြီထောင်ချောက်များကဲ့သို့သော အန္တရာယ်များ ရှိနေသည်ဟု ဝေဖန်သူများက ဆိုသည်။

တရုတ်နိုင်ငံ၏ BRI မဟာဗျူဟာကို တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ မဟာဗျူဟာတွင် အာရှအလယ်ပိုင်း၊ ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းကိုဖြတ်၍ အနောက်ဥရောပသို့ သွယ်တန်းသော ပိုးလမ်းမစီးပွားရေးခါးပတ်လမ်းမှတစ်ဆင့် သွားသော မြေပြင်ပိုင်းနှင့် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကိုဖြတ်၍ အရှေ့တောင် အာရှမှတစ်ဆင့် တောင်အာရှ ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပတို့အထိ ဆက်သွယ်ထားသော 'ရေကြောင်းပိုးလမ်းမပိုင်း ဟူ၍ နှစ်ပိုင်းရှိသည်။

ကုန်စည်နှင့် သယ်ယူပို့ဆောင်ရေး နှောင့်နှေးမှုများသည် တစ်ခုတည်းသော ပြဿနာမဟုတ်ကြောင်း တရုတ်နိုင်ငံ၏ BRI စီမံကိန်းတွင်ပါဝင်သောကုမ္ပဏီများက သတိပြုမိကြသည်။ ထို့အပြင် ရုရှားဘဏ်များသည် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစနစ်၏ အသက်သွေးကြောဖြစ်သော SWIFT ၏ အစိတ်အပိုင်း မဟုတ်တော့ သောကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ဖြစ်ပေါ်လာသော ပရမ်းပတာအခြေအနေများက သယ်ယူပို့ဆောင်ရေး အခက်အခဲများ၊ အလုပ်သမားစရိတ်များ မြင့်တက်လာခြင်းနှင့် ကုန်သွယ်ရေးသဘောတူညီချက်များကို ဖြေရှင်းရာတွင် အခက်အခဲများကို ဖြစ်စေသည်။

BRI ၏ ရေကြောင်းလမ်းကြောင်း၏ အဓိကအချက်အချာဖြစ်သည့် သီရိလင်္ကာတွင်လည်း ၁၉၄၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးစီးပွားရေးအခြေအနေကြောင့် ဆန္ဒပြနေကြသည်။

သို့သော် သီရိလင်္ကာ၏ မအောင်မြင်သော စီးပွားရေးသည် ယူကရိန်းကို ရုရှားကျူးကျော်ခြင်းမှ အစပြုခဲ့ခြင်း မဟုတ်ပေ။ သီရိလင်္ကာနိုင်ငံကို အကြွေးထောင်ချောက်ထဲ ရောက်ရှိစေရန် တရုတ်နိုင်ငံက ၎င်း၏ BRI ဗျူဟာကို တိုက်ရိုက်အသုံးပြုခဲ့ချိန်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ထိုအချိန်မှစ၍ နိုင်ငံရေးအိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။

ကမ္ဘာ့ဘဏ်အဆိုအရ သီရိလင်္ကာကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံရှိပြီး ၎င်းအနက် ဒေါ်လာ ၆ ဘီလီယံမှာ တရုတ်ကုမ္ပဏီများမှာ စီမံသော BRI စီမံကိန်းများတွင် ထည့်ဝင်သည့် ချေးငွေအတွက် တရုတ်ကို ပေးရန်ဖြစ်သည်။

အင်ဒိုနီးရှားသည်လည်း တရုတ်၏ ရေကြောင်းအခြေခံ ပင်လယ်ရေကြောင်း ပိုးလမ်းမ စီမံကိန်းတွင် ပထဆုံးနိုင်ငံအဖြစ် ပါဝင်ခဲ့သောကြောင့် အခက်ကြုံလျက်ရှိသည်။

တရုတ် BRI စီမံကိန်း၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ကမ္ဘာကြီးကို ထိန်းချုပ်နိုင်ရန်နှင့်အနောက်နိုင်ငံ စီးပွားရေးများ ဆက်လက်လွှမ်းမိုးနေခြင်းကို တားဆီးရန်ဟု ပြောဆိုနေစဉ် ထွန်းသစ်စ ကမ္ဘာ့နိုင်ငံ အများအပြားတွင် တရုတ်က နိုင်ငံရေးဩဇာလွှမ်းမိုးမှု ဝယ်ယူနေသည်မှာ သိသာလှသော်လည်း အောင်မြင်မှုမှာ လိုက်လေဝေးလေဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly