ပါကစ္စတန်တွင် တက်ကြွလှုပ်ရှားသူ ၈၇ ဦး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင်ခံရ

By The Print
06 May 2022
ပါကစ္စတန်တွင် တက်ကြွလှုပ်ရှားသူ ၈၇ ဦး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင်ခံရ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်၏ ဂျမ်ရှိုရို ခရိုင်တွင် အမျိုးသမီး ၂၅ ယောက် အပါအဝင် အနည်းဆုံး လူပေါင်း ၈၇ ဦးသည် နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Dawn သတင်းစာက ဧပြီ ၂၇ ရက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက် ညပိုင်းက ဆင်းဒ် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ ဖြိုခွင်းနှိမ်နင်းခံရမှုဖြစ်စဉ်တစ်ခုအတွင်း အမျိုးသားများနှင့် အမျိုးသမီးများ အပါအဝင် လူအချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့သည် ဆင်းဒ် အမျိုးသားခေါင်းဆောင် ဂျီအမ် ဆိုင်ယက်ဒ် ကွယ်လွန်မှု ၂၇ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဂျမ်ရှိုရိုခရိုင် ဆန်းမြို့၌ ကျင်းပသော အခမ်းအနားအစီအစဉ်ကို တက်ရောက်ပြီးနောက် အိမ်အပြန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်ရဲများသည် အမျိုးသားရေးအဖွဲ့အုပ်စု အသီးသီးမှ တက်ကြွလှုပ်ရှားသူ ၁၉၀ ဦးကို ပထမ စုံစမ်းစစ်ဆေးမှု တိုင်ကြားချက် (FIR) ဖွင့်လှစ်ခဲ့သည်။ ဖမ်းဆီးခံရသည့် သံသယရှိသူများသည် အခမ်းအနားအစီအစဉ်၌ အစိုးရ ဆန့်ကျင်သော ကြွေးကြော်သံများနှင့် စစ်တပ် ဆန့်ကျင်သော ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်ဟု တရားလိုဘက်က ထုတ်ဖော်ခဲ့သည်။

ယင်းနောက် ဧပြီ ၂၆ ရက်တွင် သံသယရှိသူ ၈၇ ဦးကို ဂျမ်ရှိုရို ခရိုင် အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံး (ATC) တွင် ရုံးထုတ်ခဲ့ပြီး ၎င်းတို့ကို ၁၄ ရက်ကြာ တရားရုံးအချုပ်တွင် ထိန်းသိမ်းထားရန် ရမန်ပေးခဲ့သည်။ အဆိုပါ သံသယရှိသူများထဲတွင် အမျိုးသမီး ၂၅ ဦး ပါဝင်သည်။

အဆိုပါ တက်ကြွလှုပ်ရှားသူများသည် အမ်မရီ၊ ပီတာရို တိုး ပလာဇာ နှင့် ဂျမ်ရှိုရို လမ်း၏ အခြားလမ်းပိုင်းနေရာများကနေတဆင့်နေအိမ်သို့ ပြန်လာကြစဉ် ရဲများနှင့် ရိန်းဂျားတပ်ဖွဲ့ဝင်များ၏ ကြားဖြတ်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly