အာဖဂန်နစ္စတန်တွင် ကလေးငယ်များ အကြမ်းဖက်ခံရမှုအပေါ် စိုးရိမ်ပူပန်ဟု ယူနီဆက်ဖ် ထုတ်ဖော်

အာဖဂန်နစ္စတန်တွင် ကလေးငယ်များ အကြမ်းဖက်ခံရမှုအပေါ် စိုးရိမ်ပူပန်ဟု ယူနီဆက်ဖ် ထုတ်ဖော်

အာဖဂန်နစ္စတန်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ကလေးငယ် ယောကျ်ားလေး၊ မိန်းကလေး အယောက် ၅၀ ကျော် သေဆုံးခဲ့မှုအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ယူနီဆက်ဖ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ 

အဆိုပါ နိုင်ငံတွင် “စိုးရိမ်ဖွယ်ဖြစ်သော အခွင့်အရေး ချိုးဖောက်မှုများ” ရှိနေသည်ဟု ယူနီဆက်ဖ်က ပြောခဲ့သည်။

“အာဖဂန်နစ္စတန်မှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး စိုးရိမ်ဖွယ်ဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွင်း သီတင်းပတ်တစ်ပတ်တည်းမှာပဲ ကလေးငယ် ယောကျ်ားလေး၊ မိန်းကလေး အယောက် ၅၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်” ဟု ယူနီဆက်ဖ်၏ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ပြန်ကြားရေးနှင့် ထောက်ခံလှုပ်ရှားမှုဆိုင်ရာ ညွှန်ကြားရေးမှူး ပယ်လိုမာ အက်စ်ကူဒီရိုက ပြောကြောင်း Tolo News က ကိုးကား ဖော်ပြသည်။

ထို့ပြင် အာဖဂန်နစ္စတန်တွင် ကျောင်းသူမိန်းကလေးများအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်းကိုလည်း ကုလ အေဂျင်စီက မီးမောင်းထိုး ပြခဲ့သည်။

“အခုဆိုရင် အာဖဂန်နစ္စတန်မှာ လက်တွေ့အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေဟာ ဆယ်ကျော်သက် မိန်းကလေးတွေကို ကျောင်းမတက်ခိုင်းဘဲ ပိတ်ပင်ထားတာက တစ်လတောင် ကြာသွားပါပြီ” ဟု အဆိုပါ အေဂျင်စီက ပြောခဲ့သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်အုပ်ချုပ်သူတို့သည် ပြီးခဲ့သည့်လက အမိန့်ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ပြီး ၆ တန်းနှင့်အထက် မိန်းကလေးများ ကျောင်းတက်ခြင်းအပေါ် ပိတ်ပင်တားမြစ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required