ပါကစ္စတန်နိုင်ငံသားများအတွက် ဗီဇာမူဝါဒကို တူရကီ တင်းကျပ်

By The Print
05 May 2022
ပါကစ္စတန်နိုင်ငံသားများအတွက် ဗီဇာမူဝါဒကို တူရကီ တင်းကျပ်

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ မကြာသေးခင်က နီပေါနိုင်ငံသား ၄ ဦး ပြန်ပေးဆွဲခံရမှုဖြစ်စဉ်တွင် ပါကစ္စတန်နိုင်ငံသားအချို့ ပါဝင်ပတ်သက်နေသည်ကို ဖော်ထုတ်တွေ့ရှိပြီးနောက် ရက်ပိုင်းအကြာတွင် တူရကီ အစိုးရက ပါကစ္စတန်နိုင်ငံသားအချို့အတွက် ဗီဇာမူဝါဒကို တင်းကျပ်ရန် ဆုံးဖြတ်လိုက်ကြောင်း Arab News သတင်းမီဒီယာက ဧပြီ ၂၈ ရက်တွင် ဖော်ပြသည်။

နီပေါနိုင်ငံသား၄ ဦးကို ပါကစ္စတန်နိုင်ငံသား ၆ ဦးပါ အဖွဲ့တစ်ဖွဲ့က သေနတ်ထောက်၍ Taksim ရင်ပြင်မှ ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပြီးနောက် ယခု တူရကီ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နီပေါနိုင်ငံသားများသည် ပြန်ပေးဆွဲခံရပြီးနောက် ပါကစ္စတန်နိုင်ငံသားများ၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။
 
“ပါကစ္စတန်နိုင်ငံသားတွေ ပါဝင်ပတ်သက်နေတဲ့ အမှုကိစ္စတွေ ထွက်ပေါ်ပြီးနောက် ပါကစ္စတန်နိုင်ငံသားတွေအတွက် ဗီဇာ မူဝါဒကို တူရကီ အစိုးရက တင်းကျပ်လိုက်တာပါ” ဟု ပါကစ္စတန် မီဒီယာ Aaj News ကို ကိုးကားပြီး Arab News သတင်းမီဒီယာက ဖော်ပြသည်။

“အစိုးရဟာ ပါကစ္စတန်နိုင်ငံသားတွေအတွက် ယာယီ နေထိုင်ခွင့် ပါမစ် ထုတ်ပေးတာကို ရပ်တန့်ထားလိုက်ပါပြီ” ဟု သတင်းတွင် ဖော်ပြသည်။

ပြန်ပေးဆွဲသမားများသည် ပြန်ရွေးငွေအဖြစ် ယူရို ၁၀,၀၀၀ အထိ တောင်းခဲ့သည်။ ထို့နောက် ရဲများက ပြန်ပေးဆွဲသမားများကို စီးနင်းဖမ်းဆီးမှု လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly