ပါကစ္စတန်နိုင်ငံတွင် ကြီးမားသော စွမ်းအင် အကျပ်အတည်းတစ်ခုက လျှပ်စစ်ဓာတ်အား အချိန်ကြာ ပြတ်တောက်မှုများကို ပိုမို ဆိုးဝါးထားစေခဲ့ပြီး အသေးစား စီးပွားရေးလုပ်ငန်းပိုင်ရှင်များသည်လည်း အပူချိန် မြင့်တက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် အလုပ်ဆက်လုပ်ရန် အပြင်းအထန် ကြိုးပမ်းနေရကြောင်း Dawn သတင်းစာက ဖော်ပြသည်။
ပြီးခဲ့သည့် ဧပြီ ၂၈ ရက်က ယင်းနိုင်ငံ၏ နယ်မြေဒေသအချို့တွင် အလွန်တရာ အချိန်ကြာမြင့်သည့် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ယင်းက ပြည်သူတို့၏ နေ့စဉ်ဘဝနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်စေခဲ့သည်။
မြို့ပြ ဒေသများတွင် အချိန် ၆ နာရီမှ ၁၀ နာရီအထိ ရှိသည့် လျှပ်စစ် ဝန်အားလျှော့မှုများကို ကြုံတွေ့ခဲ့ရသလို ကျေးလက်ဒေသများတွင်မှာမူ တစ်နေ့လျင် ခန့်မှန်းခြေ ၁၈ နာရီအထိ ကြာမြင့်သည့် ဓာတ်အားပြတ်တောက်မှုများနှင့် ကြုံတွေ့နေရကြောင်း Dawn သတင်းစာက ဖော်ပြသည်။
လောင်စာနှင့် ဓာတ်ငွေ့ ရှားပါးပြတ်လပ်မှု အပြင် ထောက်ပံ့မှုနှင့် လိုအပ်ချက်ပိုင်းတွင် မညီမျှခြင်းကြောင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အား ထုတ်လုပ်မှုပိုင်း သိသိသာသာ လျော့ကျခြင်းတို့က အဆိုပါ အကျပ်အတည်းအခြေအနေကို ဦးတည်စေခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတွင် ဓာတ်အား မဂ္ဂါဝပ် ၆,၀၀၀ ကနေ ၇,၀၀၀ ခန့်အထိ လိုအပ်ချက်တစ်ခု ရှိနေသည်ဟု သိရသည်။
“အပူချိန်တွေ မြင့်တက်နေတာနဲ့အတူ လျှပ်စစ် လိုအပ်ချက်ပမာဏ စုစုပေါင်းက မဂ္ဂါဝပ် ၇,၀၀၀ နဲ့ ၈,၀၀၀ အကြား ရှိနေပါတယ်။ လာမယ့် ရက်တွေမှာ ပူပြင်း၊ ခြောက်သွေ့တဲ့ ရာသီ ဆက်ရှိနေမယ်ဆိုရင် အဲဒါက ထပ်ပြီး မြင့်တက်ကောင်း မြင့်တက်နိုင်ပါတယ်” ဟု လျှပ်စစ်ဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို Dawn သတင်းစာက ကိုးကား ဖော်ပြသည်။