“သမိုင်းဝင် လွှတ်တော်၊ အားလုံးရဲ့ အောင်ပွဲ”

“သမိုင်းဝင် လွှတ်တော်၊ အားလုံးရဲ့ အောင်ပွဲ”

၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတော့ မြန်မာ့သမိုင်းရဲ့ သမိုင်းဝင် နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်သွားပါပြီ။ အရင် စစ်အာဏာရှင်တွေ တည်ဆောက်ခဲ့တဲ့ နေပြည်တော် မင်းမြို့တော်မှာ တစ်နာရီကြာ ကျင်းပတဲ့ ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးဟာ သမိုင်းစာမျက်နှာ အသစ် တစ်ခုကို ဖွင့်လှစ်လိုက်လို့ပဲ ဖြစ်ပါတယ်။ လွှတ်တော် အစည်းအဝေး ဘယ်လို လုပ်ကြသလဲ၊ ဘာကြောင့် သမိုင်းဝင် လို့ပြောတာလဲ၊ ပြည်သူ့လွှတ်တော်က စလိုက်တဲ့ အသွင်ကူးပြောင်းရေး ရှေ့ ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးကြည့်ကြရအောင်။

အစည်းအဝေး ကျင်းပပုံကတော့ သိပ် ထူးထူးခြားခြား မရှိပါဘူး။ အရင် ၅ နှစ် လွှတ်တော် အစည်းအဝေးတွေ စကျင်းပခဲ့တုန်းက ပုံစံအတိုင်း ပုံစံတူ လုပ်ဆောင်ခဲ့ကြတာပါ။ မနက် ၁ဝ နာရီမှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပပုံကို စကိုင်းနက် လွှတ်တော် ချယ်နယ် အပါအ ဝင် ရုပ်သံလိုင်း တစ်ချို့ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အစဉ်အလာ ဖြစ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကြည့်ရင်လည်း မြင့်မား ဂုဏ်ယူစရာ ကောင်းပါတယ်။

လွှတ်တော် တွင်းကြည့်လိုက်ရင် ပင်နီအင်္ကျီဝတ်ထားတဲ့ အင်န်အယ်လ်ဒီ အမတ်တွေက အများစုပါ။ လေးပုံတစ် ပုံကတော့ စစ်ယူနီဖေါင်း ဝတ်ထားတဲ့ တပ်မတော်သား အမတ်တွေပါ။ လွှတ်တော်ကို ပင်နီရောင် ဖုံးလွှမ်းနေတယ်လို့တောင် ပြောနိုင်ပါတယ်။

ပြောရရင် လွန်ခဲ့တဲ့ ၅ နှစ်ရှေ့ပိုင်းက ဒီ ခန်းနားလွန်းလှတဲ့ လွှတ်တော် အဆောက်အဦကြီးကို တည်ဆောက်ဖို့ ညွှန်ကြားခဲ့ကြတဲ့ စစ်အာဏာရှင်ကြီးတွေ ကိုယ်တိုင် သူတို့ တည်ဆောက်ထားတဲ့ လွှတ်တော်ကြီးထဲ ဒီလောက် အချိန်တိုတိုလေးအတွင်းမှာ သူတို့ ဖိနှိပ် ညှင်းပန်းခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အတိုက်အခံ လုပ်ခဲ့သူတွေ လွှမ်းမိုး သိမ်းပိုက်သွားလိမ့်မယ် ဆိုတာ လုံးဝ စဉ်းစားမိခဲ့ကြမှာ မဟုတ်ပါဘူး။

အခုတော့ ပြည်သူလူထုရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအား ပေးမှုကြောင့် တကယ်ပဲ အတိုက်အခံ အင်အားစုတွေဟာ လွှတ်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။ ထူးခြားတာကတော့ ဒီ သမိုင်းဝင် လွှတ်တော်အစည်းအဝေး ကျင်းပပုံကို နိုင်ငံတကာ သံရုံးတစ်ချို့က သံအမတ်တွေ၊ လွှတ်တော်တွင်း ပြန်ရောက်မလာတော့တဲ့ သူရဦးရွှေမန်း အပါအဝင် အမတ်ဟောင်းတွေ၊ နောက်တစ်နေ့မှာ အစည်းအဝေး ကျင်းပဖို့ ရှိနေတဲ့ အမျိုးသားလွှတ်တော်က အမတ်တွေကလည်း ဧည့်သည်နေရာကနေ လာပြီးကြည့်ကြတာပါ။ အစည်းအဝေး စပြီဆိုတာနဲ့ အဲဒီ လွှတ်တော်ကြီးရဲ့ အစဉ်အလာကို စတင် ပြောင်းလဲပြစ်လိုက်ပါတယ်။ ဒါကတော့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာမှာ အစည်းအဝေးကို ခေတ္တခဏ ကြီးကြပ်ဖို့ သဘာပတိ တစ်ယောက် တင်မြှောက်တာပါ။

အင်န်အယ်လ်ဒီ အမတ်တွေဟာ ကြိုတင် စီစဉ်ထားတဲ့အတိုင်း မွန်ပြည်နယ် ချောင်းဆုံအမတ် ဒေါ်ခင်ဌေးကြွယ်ကို သဘာပတိအဖြစ် တင်မြှောက်လိုက်ပါတယ်။ သဘာပတိ အဖြစ် တင်မြှောက်ခြင်း ခံလိုက်ရတဲ့ ဒေါ်ခင်ဌေးကြွယ်ဟာ လွှတ်တော်သစ်ရဲ့ အကြီးအကဲ ထိုင်ခုံမှာ ပထမဦးဆုံး ထိုင်ခွင့်ရလိုက်သူ ဖြစ်သလို၊ ပထမဦးဆုံး ဥက္ကဋ္ဌ/သဘာပတိ ထိုင်ခုံမှာ ထိုင်ခွင့်ရတဲ့ အမျိုးသမီးတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခြင်းပါ။ ဒေါ်ခင်ဌေးကြွယ်ဟာ အဲဒီထိုင်ခုံမှာ ထိုင်ရင်း သဘာပတိ တာဝန် ထမ်းဆောင်သွားခဲ့ပါတယ်။

နောက်တော့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးချယ်ပါတယ်။ အင်န်အယ်လ်ဒီက ကြိုတင် သတင်းထုတ်ပြန်ထားသလို၊ ဦးဝင်းမြင့်ကို ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီက ဦးတီခွန်မြတ်ကို ဒုဥက္ကဋ္ဌအဖြစ် တင်မြှောက် လိုက်ပါတယ်။ အတိုက်အခံ အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးဝင်းမြင့်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အာဏာ တန်းစီဇယားမှာ နံပါတ်(၄) အဆင့်အမြင့်ဆုံး တာဝန်ရရှိသူ ဖြစ်သွားပါပြီ။

ဒါတင်မက ဦးဝင်းမြင့်ဟာ ဖွဲ့စည်းပုံအရ တိုင်းပြည်မှာ အဆင့်အမြင့်ဆုံး အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်နေ ဦးမှာဖြစ်ပါတယ်။ အရင်အစိုးရနဲ့ လွှတ်တော် ၅ နှစ်တာ သက်တန်းကာလ ကိုကြည့်လိုက်ရင် ဦးဝင်းမြင့်ဟာ ထိုက်သင့်တဲ့ တန်ခိုးသြဇာရှိတဲ့ သူရဦးရွှေမန်းနေရာကို ဆက်ခံလိုက်သူ ဖြစ်သွားတာပါ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

သတင်းစာ တစ်ချို့ကနေ အခြေအမြစ်မရှိ စွတ်စွဲမှုတွေ ရှိနေတဲ့တိုင်၊ ပြည်ခိုင်ဖြိုးပါတီက ဦးတီခွန်မြတ်ကိုလည်း လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ဟာ သူ့အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို တတ်နိုင်သမျှ တိုင်းရင်းသားစုံ၊ ပါတီစုံ အရောင်စုံ အသွေးစုံ ပါဝင်အောင် ကြိုးစားမှုတစ်ခုအဖြစ် ကချင်တိုင်းရင်းသား ဦးတီခွန်မြတ် ဒုဥက္ကဋ္ဌတာဝန် ရသွားတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေအရ လွှတ်တော် ဒုဥက္ကဋ္ဌတွေဟာ သိပ်ပြီး သြဇာ ရှိလှတာမျိုး တော့ မဟုတ်ပါဘူး။

အထူးသဖြင့် ဥက္ကဋ္ဌ တာဝန်ပေးတာမျိုးကိုသာ လုပ်ဆောင်ရလေ့ရှိပြီး ဥက္ကဋ္ဌရဲ့ အပြည့်အဝ ဦးဆောင်မှုအောက်မှာ ရှိနေတာပါ။ နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့ ဦးတီခွန်မြတ်ဟာ လုံးဝ အစိမ်းကြီး မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်က စတဲ့ ၃ နှစ်တာကာ လ လွှတ်တော်လုပ်ငန်းတွေကို အတူတကွ လက်တွဲ လုပ်ခဲ့ဖူးလေတော့ အခြားသူတွေနဲ့တောင် ပိုပြီး လက်ပွန်းတတီး ရှိတယ်လို့ ပြောဆိုနိုင်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် သမိုင်းဝင်လွှတ်တော် ပထမနေ့ ကျင်းပ ပြီးသွားပါပြီ။ နောက်ပိုင်း ခုလိုပဲ အမျိုးသားလွှတ်တော်သစ် ပေါ်ပေါက်လာပါဦးမယ်၊ အစိုးရအဖွဲ့သစ် ပေါ်ပေါက် လာပါဦးမယ်။ ကမ္ဘာက ရင်သပ်ရှုမော အားကျရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ချောချောမွေ့မွေ့ ဖြစ်ပေါ်နေတယ်ဆိုတဲ့ အခြေအနေမျိုးပါ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ အောင်ပွဲတစ်ခု တည်းမဟုတ်ပါဘူး။ အသွင်ကူးပြောင်းရေးကို ချောချောမွေ့မွေ့ဖြစ်အောင် ဆောင်ရွက် နေကြတဲ့ တပ်မတော်၊ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့တို့ရဲ့ အောင်ပွဲဖြစ်သလို၊ ပြည်သူတွေနဲ့ တိုင်းပြည်ရဲ့အောင်ပွဲ လည်းဖြစ်ပါကြောင်း၊ ဒီ သမိုင်းဝင် လွှတ်တော်ကြီး ပေါ်ပေါက်လာမှုကို အားလုံးက ဂုဏ်ယူ ဝမ်းမြောက် ကြိုဆို ထောက်ခံကြရမှာ ဖြစ်ကြောင်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly