အာဖဂန်နစ္စတန်၌ အမေရိကန်တို့ ၏ စစ်လက်နက်ပစ္စည်းတန်ဖိုး ဒေါ်လာ ၇ ဘီလီယံကျော် ကျန်ရှိခဲ့

အာဖဂန်နစ္စတန်၌ အမေရိကန်တို့ ၏ စစ်လက်နက်ပစ္စည်းတန်ဖိုး ဒေါ်လာ ၇ ဘီလီယံကျော် ကျန်ရှိခဲ့

အမေရိကန်တပ်ဖွဲ့များသည် ယမန်နှစ် ဩဂုတ်လက အာဖဂန်နစ္စတန်ကနေ ပြန်လည်ထွက်ခွာခဲ့ပြီးနောက် ထိုနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၂ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ကျန်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (DoD) က ပြောသည်။

အမေရိကန်သည် ၁၆ နှစ်တာအတွင်း အာဖဂန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (ANDSF) ကို ဒေါ်လာ ၁၈ ဒသမ ၆ ဘီလီယံတန်ဖိုး ပမာဏရှိ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။

ယင်းတို့အနက် ဝေဟင်မှ မြေပြင်ပစ် စစ်လက်နက်ပစ္စည်းများ၊ လေယာဉ်၊ စစ်ဘက်သုံးယာဉ်များ၊ လက်နက် များနှင့် အခြားစစ်ဘက် အသုံးအဆောင်ပစ္စည်းများ ပါဝင်သည့် ဒေါ်လာ ၇ ဒသမ ၁၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများသည် အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာပြီးနောက် အာဖဂန် နစ္စတန်တွင် ကျန်နေခဲ့ကြောင်း DoD ကို ကိုးကားပြီး စီအင်န်အင်န်က ဖော်ပြသည်။

ငြီးငွေ့ဖွယ် ဘေးလွတ်ရာ ရွှေ့ပြောင်းကယ်ထုတ်မှု လုပ်ငန်းစဉ်ကို အဆုံးသတ်ရင်း အမေရိကန် စစ်တပ်အနေဖြင့် အထက်ပါ လက်နက်ပစ္စည်းများကို ဖျက်ဆီးရန် သို့မဟုတ် ပြန်လည် ရယူရန် တာလီဘန် အုပ်ချုပ်သော အာဖဂန်နစ္စတန်သို့ ပြန်သွားတော့မည် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။

အာဖဂန်နစ္စတန်တွင် လက်နက်ပစ္စည်း ပမာဏအများအပြား ကျန်နေခဲ့မှုကိစ္စက စစ်ဒဏ်ကြောင့် ဖွတ်ဖွတ် ညက်ညက် ကြေနေသော နိုင်ငံကနေ အမေရိကန်တို့ ပရမ်းပတာအခြေအနေဖြင့် ထွက်ခွာမှုကိစ္စအပေါ် ပြန်လည်အာရုံစိုက်ရာတွင် အဓိကအချက် ဖြစ်နေမည် ဖြစ်ပြီး အမေရိကန်တပ်ဖွဲ့များ၏ အဆိုပါ ပရမ်းပတာ ပြန်လည်ထွက်ခွာမှုအပေါ် နိုင်ငံရေးပါတီနှစ်ခုလုံးမှ နိုင်ငံရေးသမားများက ဝေဖန်ခဲ့ကြသည်။

အာဖဂန်နစ္စတန်တွင် ကျန်ခဲ့သည့် လက်နက်ပစ္စည်း ကိရိယာ အားလုံးနီးပါးသည် အထူး ပြုပြင်ထိန်းသိမ်းမှု ပြန်လုပ်ရန် လိုအပ်နေကြောင်း DoD က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly