ပါကစ္စတန်ဝန်ကြီးချုပ်နှင့် သားဖြစ်သူကို ငွေကြေးခဝါချမှုဖြင့် တရားရုံးက စွဲချက်တင်မည်

ပါကစ္စတန်ဝန်ကြီးချုပ်နှင့် သားဖြစ်သူကို ငွေကြေးခဝါချမှုဖြင့် တရားရုံးက စွဲချက်တင်မည်

ပါကစ္စတန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး အေဂျင်စီ၏ အထူးတရားရုံးတစ်ခုက ဧပြီ ၂၇ ရက်က အမိန့်ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက်အရ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်နှင့် ၎င်း၏ သားဖြစ်သည့် ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံထားရသူ ဟမ်ဇာ ရှာဘတ်ဇ် တို့ကို ငွေကြေးခဝါချမှု အမှုကိစ္စတစ်ခုဖြင့် စွဲချက်တင်မည်ဟု ဖော်ပြခဲ့ကြောင်း Geo News က ဖော်ပြသည်။

အထူးသဖြင့် တရားရုံးသည် ရှာဘတ်ဇ် ရှာရစ်နှင့် သားဖြစ်သူအပြင် အမှုတွင် ပါဝင်ပတ်သက်နေသည့် အခြားသူများကို ဧပြီလအစောပိုင်းက စွဲချက်တင်ရန် လုပ်ဆောင်ခဲ့သော်လည်း ဝန်ကြီးချုပ် မရှိခဲ့ခြင်းကြောင့် ယင်းလုပ်ငန်းစဉ် နှောင့်နှေးခဲ့ခြင်း ဖြစ်ကြောင်း ထို သတင်းဌာနက ဖော်ပြသည်။

သို့သော် ဧပြီ ၂၇ ရက်တွင် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် တရားရုံးသို့ တက်ရောက်လာခဲ့ခြင်း မရှိသည့်အတွက် တရားရုံးက ၎င်း အပြင် သားဖြစ်သူ ဟမ်ဇာ ရှာဘတ်ဇ် နှင့် အခြားသံသယရှိသူအားလုံးကို မေလ ၁၄ ရက်တွင် တရားရုံးသို့ လာရောက်ရန် လက်ရေးအမိန့်ညွှန်ကြားချက်ဖြင့် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

“ရှေ့လာမယ့် ကြားနာမှုမှာ သူတို့တွေကို မိမိတို့ စွဲချက်တင်သွားမယ်ဆိုတာ သက်ဆိုင်သူအားလုံးအတွက် ရှင်းရှင်းလင်းလင်းဖြစ်ပါလိမ့်မယ်။ သံသယရှိသူအားလုံး မပျက်မကွက် တက်ရောက်သင့်ပါတယ်” ဟု အထူးတရားရုံး၏ ထုတ်ဖော်မှုကို ကိုးကားပြီး သတင်းမီဒီယာက ဖော်ပြသည်။

ဧပြီ ၂၇ ရက် စွဲချက်တင်မှုက ဝန်ကြီးချုပ် တက်ရောက်မှု မရှိသည့်အတွက် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဟု တရားရုံးက ပြောခဲ့သည်။

ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် အစိုးရဝန်ကြီးအဖွဲ့ အစည်းအဝေးကြောင့် အလုပ်များနေသည့်အတွက် ပြီးခဲ့သည့် ကြားနာမှုကနေ ခွင့်ပေးရန် ရှာဘတ်ဇ် ရှာရစ်၏ ရှေ့နေဖြစ်သူက တရားရုံးထံ ပန်ကြားခဲ့သည်ဟု သိရသည်။ ယင်းနောက် ယခုအခါ တရားရုံးက ကြားနာမှုကို မေလ ၁၄ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly