နိုင်ငံရေး တည်ငြိမ်မှုမရှိခြင်းနှင့် မူဝါဒဆိုင်ရာ တုံ့ဆိုင်းမှုတို့က ပါကစ္စတန်၏ စီးပွားရေး အကျပ်အတည်းကို ပိုမိုဆိုးဝါးစေဟု ဆို

နိုင်ငံရေး တည်ငြိမ်မှုမရှိခြင်းနှင့် မူဝါဒဆိုင်ရာ တုံ့ဆိုင်းမှုတို့က ပါကစ္စတန်၏ စီးပွားရေး အကျပ်အတည်းကို ပိုမိုဆိုးဝါးစေဟု ဆို

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းနှင့် မူဝါဒ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ နှောင့်နှေးတုံ့ဆိုင်းမှုများက ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကြုံတွေ့ထားခဲ့ရသည့် စီးပွားရေး ထိခိုက်မှု အကျပ်အတည်းကို ပိုမို ဆိုးဝါးစေလျက် ရှိကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

ကာလကြာ ရှိနေသော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများက နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အန္တရာယ်များကို ဖြစ်ပေါ်စေသလို ပြည်တွင်း နိုင်ငံရေး မသေချာမရေရာဖြစ်မှု နှင့် မူဝါဒပိုင်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ တုံ့ဆိုင်းမှုများကြောင့် ရှည်လျားသော မေကရိုစီးပွားရေးဆိုင်ရာ တစ်ဖက်စောင်းနင်း ဖြစ်မှုများကို ဦးတည်စေနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ တစ်နှစ် နှစ်ကြိမ် ထုတ်ပြန်သည့် “ပါကစ္စတန် ဖွံ့ဖြိုးရေး နောက်ဆုံးအခြေအနေ” အစီရင်ခံစာတွင် မှတ်ချက်ပြုထားကြောင်း Business Recorder က ဖော်ပြသည်။

ယူကရိန်း-ရုရှား ပဋိပက္ခကြောင့် ကမ္ဘာ့ စွမ်းအင်နှင့် အစားအစာ ဈေးနှုန်းများအပိုင်းတွင် ထပ်မံ မြင့်တက်နိုင်မှု အလားအလာများ၊ ပိုမို တင်းကျပ်လာသော ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အခြေအနေများ နှင့် ငွေကြေးဖောင်းပွမှုမြင့်တက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုနှေးကွေးခြင်းတို့က ပါကစ္စတန်၏ စီးပွားရေး အလားအလာအတွက် အဓိက အန္တရာယ်များ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြသည်။

ပြည်ပ ကဏ္ဍတွင် လက်ရှိ သိသာထင်ရှားသော တစ်ဖက်စောင်းနင်းဖြစ်မှုများနှင့် ပြင်ပဆိုင်ရာ ဒဏ်ခံနိုင်မှု လျော့နည်းခြင်းတို့ ရှိနေစဉ် မေကရို စီးပွားရေးဆိုင်ရာ ကိုက်ညှိပြုပြင်မှု၊ အထူးသဖြင့် လက်ရှိ ငွေကြေးဆိုင်ရာ တင်းကျပ်မှုကို ပြည့်စုံစေမည့် ငွေရေးကြေးရေးဆိုင်ရာ ခိုင်မာတောင့်တင်းမှု ရှိစေရေးကို အမြန်ဆုံး လိုအပ်နေကြောင်း ကမ္ဘာ့ဘဏ်က မှတ်ချက်ပြုသည်။

ပိုမို မြင့်မားပြီး ရေရှည်ထိန်းထားနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်ရန်အလို့ငှာ ဆောင်ရွက်ရန် လိုအပ်သည့် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများထဲတွင် မေကရိုစီးပွားရေးဆိုင်ရာ တည်ငြိမ်မှုကို ဆက်ထိန်းထားရေး၊ ပြည်တွင်း အခွန်ဘဏ္ဍာ စုစည်းမှုကို မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို ထောက်ကူပံ့ပိုးရေး၊ ပို့ကုန် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေး နှင့် စွမ်းအင် ကဏ္ဍ၏ ဘဏ္ဍာရေးဆိုင်ရာ အလားအလာရှိမှုကို တိုးတက်စေရေးကို ရည်ရွယ်သည့် ပြုပြင်ပြောင်းလဲမှုများ ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly