တာလီဘန် ခန့်အပ်သည့် အာဖဂန်သံတမန် ၃ ဦး ကို အီရန် လက်ခံ

By The Khaama Press
03 May 2022
တာလီဘန် ခန့်အပ်သည့် အာဖဂန်သံတမန် ၃ ဦး ကို အီရန် လက်ခံ

အီရန်နိုင်ငံရှိ အာဖဂန်နစ္စတန်သံရုံးအတွက် အာဖဂန်သံတမန်အသစ်များ ခန့်အပ်မှုကို အီရန်အစိုးရက လက်ခံ သဘောတူလိုက်သည်။

တာလီဘန်အစိုးရက ခန့်အပ်စေလွှတ်လိုက်သည့် အဆိုပါ သံတမန် ၃ဦး၏ ခန့်အပ်လွှာများကို အီရန်အစိုးရက လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီ ပက်ရှ်တိုဌာနက ဖော်ပြသည်။

သံတမန်သစ်များတွင် သံရုံး၏ တတိယအတွင်းဝန်တစ်ဦး ပါပြီး ကျန်၂ ဦးမှာ သံရုံး၏ ရိုးရိုး အမှုထမ်းများဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်များက ဘီဘီစီ ကို ပြောသည်။

အာဖဂန်နစ္စတန်တွင် အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း အီရန်ရှိ အာဖဂန်နစ္စတန်သံရုံးကို ပိတ်ထားခဲ့ခြင်း မရှိဘဲ ယခင်သံအမတ်က ဦးဆောင်လျက်ရှိသည်။

အီရန်နှင့် အာဖဂန်နစ္စတန်အကြား သံတမန်များ ဖလှယ်ခြင်းကို နိုင်ငံတကာ ကွန်ဗန်းရှင်းများနှင့်အညီ လိုက်လျောညီထွေ လုပ်ဆောင်လျက် ရှိသော်လည်း ယခု လုပ်ဆောင်ချက်က တာလီဘန်အစိုးရကို အသိ အမှတ်ပြုမှုနှင့် သက်ဆိုင်ပတ်သက်နေသည့် လုပ်ဆောင်ချက်တော့ မဟုတ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာအိဒ် ခါတစ်ဘ်ဇာဒါက ပြောသည်။

အစောပိုင်းကလည်း ရုရှား၊ တရုတ်၊ ပါကစ္စတန်၊ တူရကီနှင့် တာ့ခ်မန်နစ္စတန်တို့သည် တာလီဘန်တို့ စေလွှတ်ခန့်အပ်သော သံတမန်များကို လက်ခံထားခဲ့သော်လည်း လက်ရှိအချိန်အထိ မည်သည့် ကမ္ဘာ့နိုင်ငံကမှ အာဖဂန်အစိုးရသစ်ကို တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly