မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၄) ပြီးချိန်အထိ ချန်ပီယံ ရန်ကုန်အသင်း နိုင်ပွဲမရသေး

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၄) ပြီးချိန်အထိ ချန်ပီယံ ရန်ကုန်အသင်း နိုင်ပွဲမရသေး
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၄)တွင် ရန်ကုန်နှင့် ဧရာဝတီတို့ အကြိတ်အနယ် ကစားနေစဉ်။ (ဓာတ်ပုံ- YUFC)

ဖေဖော်ဝါရီ ၁၊ ရန်ကုန် ။         ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၄ ပြီးချိန်အထိ လက်ရှိချန်ပီယံ ရန်ကုန်အသင်းအနေဖြင့် ရှုံးပွဲထပ်မံကြုံတွေ့ကာ လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့သည်။

ရန်ကုန်အသင်းသည် ပွဲစဉ် (၄) တွင် ဧရာဝတီအသင်းနှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲအစဦးဆောင်ဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဧရာဝတီအသင်းမှ ကျော်ဇေယျာဝင်း၊ ခရစ္စတိုဖာ တို့၏ သွင်းဂိုးများကြောင့် ပွဲအပြီး၌ ၂-၃ ဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါပွဲအရှုံးကြောင့် ရန်ကုန်အသင်းအနေဖြင့် ရမှတ်တစ်မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန်အတွင်းကျရောကခဲ့ကာ အဆိုဝါးဆုံး ရာသီအဖွင့် ရလဒ်ဖြင့် ကြုံနေရသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ရန်ကုန်နှင့်ပွဲအနိုင်ကြောင့် ယခုနှစ်ဘောလုံးရာသီ ပထမဆုံး အိမ်ကွင်း၌ နိုင်ပွဲပြန်လည် ရှာတွေ့နိုင်ခဲ့သည်။ အခြားပွဲစဉ်များတွင် ရတနာပုံအသင်းက ရခိုင်ယူနိုက်တက် အသင်းကို အိမ်ကွင်းအတွင် ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့ပြီး နှစ်ဂိုးပြတ် အနိုင်ရခဲ့ကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

ဇွဲကပင်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့ပွဲတွင် ဇွဲကပင်အသင်းမှ တိုက်စစ်မှူး အောင်မိုး၊ ကမ် တို့၏ လေးပွဲဆက် သွင်းဂိုးများနှင့်အတူ သုံးဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး ချင်းနှင့် ဟံသာဝတီပွဲစဉ်၌ ဟံသာဝတီအသင်းမှ အောင်မျိုးသူရ၏ နောက်ကျအနိုင်ဂိုးဖြင့် နိုင်ပွဲဆက်ခဲ့သည်။

ဇေယျာရွှေမြေအသင်းက အိမ်ကွင်း၌ ရှမ်းယူနိုက်တက်အသင်းကို သရေခံကစားနိုင်ခဲ့သလို တန်းတက်ဟော်ရဇွန်အသင်းကလည်း မကွေးအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ တစ်ဂိုးစီ သရေကစားနိုင်ခဲ့သည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၄) အပြီးတွင် ရတနာပုံအသင်းက ရမှတ် ၁၀ မှတ် ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဟံသာဝတီအသင်းက ရမှတ် ၁၀ မှတ်ဖြင့် ဒုတိယ၊ ဇွဲကပင်အသင်းက ရမှတ် ကိုးမှတ်ဖြင့် တတိယ နေရာတွင် အသီးသီးရပ်တည်နေသည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၄) ပွဲပြီးရလဒ်များ

ဧရာဝတီ ၃-၂ ရန်ကုန်
ရတနာပုံ ၂-၀ ရခိုင်
ချင်း ၁-၂ ဟံသာဝတီ
ဇွဲကပင် ၃-၀ ဆောက်သမ်းမြန်မာ
ဇေယျာရွှေမြေ ဝ-၀ ရှမ်းယူနိုက်တက်
ဟော်ရဇွန် ၁-၁ မကွေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly