ဒု-အကျော့အတွက် နိုင်ငံခြားသားကစားသမားများ ကြိုတင်ခေါ်ယူ လေ့ကျင့်ရန် ဆောက်သမ်းအသင်း စီစဉ်

ဒု-အကျော့အတွက် နိုင်ငံခြားသားကစားသမားများ ကြိုတင်ခေါ်ယူ လေ့ကျင့်ရန် ဆောက်သမ်းအသင်း စီစဉ်
၂၀၁၆ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်၌ ဆောက်သမ်းအသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၁၊ ရန်ကုန် ။          ။ ၂၀၁၆ ဘောလုံးရာသီတွင် လိဂ်-၁ သို့ တန်းပြန်တက်လာနိုင်ခဲ့သော ဆောက်သမ်းမြန်မာအသင်းသည် ဒုတိယအကျော့ဘောလုံး ရာသီအတွက် နိုင်ငံခြားသား ကစားသမားများ ကြိုတင်ခေါ်ယူလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားသည် ဟု ဆောက်သမ်းအသင်းမန်နေဂျာ ဦးမြင့်ကြူးက ပြောသည်။

ဆောက်သမ်းမြန်မာအသင်းသည် လက်ရှိတွင် နိုင်ငံခြားသားကစားသမားများ တစ်ဦးမှ ခေါ်ယူထားခြင်း မရှိသေးသော်လည်း ဒု-အကျော့ရာသီအတွက်မူ နိုင်ငံခြားသား သုံးဦးထိ ခေါ်ယူရန် စီစဉ်လျက်ရှိသည်။

“ ဒု-အကျော့အတွက် နိုင်ငံခြားသားကစားသမားခေါ်ဖို့ရှိပါတယ်။ ရှေ့၊ လယ်၊ နောက် သုံးယောက်ထိ ခေါ်သွားမှာပါ။ ဒု-အကျော့ကျမှဆိုတော့ အသင်းမှာ အထိုင်မကျမှာ စိုးတဲ့အတွက် ကြိုပြီးခေါ်ဖို့ လုပ်နေပါတယ်။ စာချုပ်တာမျိုးမဟုတ်သေးပဲ အသင်းမှာလာပြီး လေ့ကျင့်ခန်းပူးပေါင်းလုပ်ဆောင်တဲ့ သဘောမျိုးလိုချင်တာပါ။

ဒါမှ ဒု-အကျော့ပြန်စတဲ့အချိန်မှာ အသင်းအတွက် တခါတည်းအထိုင်ကျအောင်လို့ပါ။ တောင်အာဖရိကဘက်က ကစားသမားတွေ ခေါ်ဖို့ အေးဂျင့်က တစ်ဆင့်ချိတ်ထားပါတယ်။ ဘရာဇီးတို့ နိုက်ဂျီးရီးယားတို့ ပါနိုင်ပါတယ်။ အသင်းက လက်ရှိခြေစွမ်းအရရောပြိုင်ဘက်အသင်းတွေရဲ့ ပြင်ဆင်မှုတွေအရရော အသင်းအနေနဲ့ နိုင်ငံခြားသားကစားသမားက ခေါ်ဖို့ လိုနေပါပြီ ” ဟု ဦးမြင့်ကြူးက ဆိုသည်။

ဆောက်သမ်းအသင်းမှာ ၂၀၁၂ဘောလုံးရာသီမှစကာ ပြည်ပကစားသမားခေါ်ယူခြင်းမရှိတော့ပဲ ပြည်တွင်းကစားသမားများဖြင့် ပြိုင်ပွဲဝင်ခဲ့ပြီး ၂၀၁၄ဘောလုံးရာသီဒု-အကျော့တွင်မူ နိုင်ငံခြားသား ကစားသမား လေးဦးခေါ်ယူခဲ့သော်လည်း တန်းဆင်းခဲ့ရသည်။ ထို့နောက် မြန်မာနေရှင်နယ်လိဂ်-၂တွင် ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဖြစ်ကာ တစ်နှစ်အတွင်း တန်းပြန် တက်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly