လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်ကိုပြသရန် ပြည်သူ့လွှတ်တော် ဥက္ကဌတိုက်တွန်း

လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်ကိုပြသရန် ပြည်သူ့လွှတ်တော် ဥက္ကဌတိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ။              ။ လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးဖြစ်သည့်အတွက် ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရ ဆိုသည့် ဆိုရိုးနှင့် အညီလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ဖတ်ရှုလေ့လာပြီး လေးစားခြင်းဖြင့် ကိုယ်စားလှယ်များ၏ ဂုဏ်ရည်ကို ပြသစေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဦးဝင်းမြင့် ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းစာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီးရဲ့ဂုဏ်ဒြပ် ပိုမိုမြင့်မားပြီးတင့်တယ်လာအောင် စွမ်းဆောင်ကြစေလိုပါတယ်“ ဟု ဖေဖဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တေ်ာအစည်းအဝေး ပထမနေ့တွင် ထည့်သွင်း ပြောကြားသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူ၊နိုင်ငံသားများက ၎င်းတို့ကိုယ်စား လုပ်ပိုင်ခွင့် လွှဲအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်များဖြစ်သည့် နှင့်အညီ တစ်ဦးနှင့်တစ်ဦးသဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့် လွှတ် ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ၏အကျိုးကို သယ်ပိုးဆောင်ရွက်စေလိုကြောင်း လည်းဥက္ကဌကပြောကြားသည်။

၂၀၁၆ခုနှစ်၊ဖေဖဝါရီ ၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လေ့လာသူများ အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဌအဟောင်းနှစ်ဦး၊ပထမအကြိမ် လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွ့ဲဝင်ဟောင်း ၃၁ ဦး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဟောင်း ၁၀ ဦး၊သံအမတ်အကြီး ၄ ဦးနှင့် အခြားဧည့်သည်တော်များအဖြစ်စုစုပေါင်း ၂၇၈ ဦးလေ့လာသူများ အဖြစ် တက်ရောက်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly