ထောင်တစ်နှစ်ကျသွား၍ လစ်လပ်သွားသည့် ရခိုင်လွှတ်တော်အမတ်နေရာ မည်သူမျှ အစားထိုးမည်မဟုတ်

ထောင်တစ်နှစ်ကျသွား၍ လစ်လပ်သွားသည့် ရခိုင်လွှတ်တော်အမတ်နေရာ မည်သူမျှ အစားထိုးမည်မဟုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။             ။ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသည့် မင်းပြားမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အစားသူတစ်ဦးကို အစားထိုးမည်မဟုတ်ဘဲ ရွေးကောက်ပွဲဥပဒေအရ လစ်လပ်လျက်သာ ထားရှိမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းမှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်အား ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုများဖြင့် ဇန်နဝါရီ ၂၈ရက်က မြေပုံမြို့နယ်တရားရုံးက ထောင်ဒဏ်တစ် နှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

"အဲဒီကိစ္စက ကျွန်တော်တို့ဆီကို သက်ဆိုင်ရာ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲက တင်ပြလာတာမရှိ သေးပါ ဘူး။ အဲဒီကိစ္စက ဘယ်ဥစ္စာနဲ့ဖြစ်တာလည်းဆိုတော့ ပြည်ထဲရေးနဲ့ ပတ်သက်တဲ့ အမှုအခင်း ဖြစ်နေပါတယ်။ ပြည်ထဲရေးကလည်း ကျွန်တော်တို့ဆီကိုအစီရင်ခံစာ တက်မလာသေးဘူး။ ဥပဒေအရဆိုရင်တော့ သူကတော့ ထောင်ဒါဏ်ကျခံသွားရတဲ့ လူဆိုရင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပျက်ပြယ်သွားမှာပါ။ ပျက်ပြယ်သွားတဲ့အခါကျ ဘာဖြစ်မလည်းဆိုတော့ ဒုတိယက ပထမတက်ဖြစ်မလားဆိုတော့ အဲဒီလို မဖြစ်ပါဘူး။ အဲဒီနေရာမှ ကွက်လပ်ဖြစ်သွားမှာပေါ့နော်။ လစ်လပ်ဖြစ်သွားမှာပါ"ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က မင်းပြားမြို့ အောက်ရွာပိုင်းရပ်နေ ဒေါ်ဦးမြကြည် နေအိမ်သို့ ၂၀၁၅ ခုနှစ်၊ သြဂုတ် ၃၀ရက် နံနက် (၈း၀၀) နာရီအချိန်တွင် သွားရောက်ကာ ဒေါ်ဦးမြကြည်အား အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်မှ လှူဒါန်းသော ရေဘေးအလှူပစ္စည်းများအား ကျေးရွာများသို့ သွားရောက်လှူဒါန်းခြင်းကို ရပ်တန့်ရန်နှင့် ဆက်လက်၍ သွားရောက်လှူဒါန်းမည် ဆိုပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟုဆိုကာ ဒေါ်ဦးမြကြည် က(ပ )၁၃၃/၁၅၊ ပုဒ်မ ၄၅၁/၅၀၆ တို့ဖြင့် တရားလိုပြုလုပ်ကာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်က  မင်းပြား မြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားမှုကြောင့် ဇန်နဝါရီ ၂၈ ရက်တွင် မြေပုံမြို့နယ်တရားရုံးက ပိုင်နက်ကျူးလွန်မှုအတွက် ထောင်ဒဏ်(၆)လ၊ခြိမ်းခြောက်မှုအတွက် (၆)လ စုစုပေါင်း ထောင်ဒဏ် (၁)နှစ် အမိန့်ချခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မင်းပြားမြို့နယ်ရှိ ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ တွင် ရခိုင်အမျိုးသားပါတီမှ ဦးလှအောင်ညွန့် နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဗိုလ်မှုးကြီး အငြိမ်းစား၊ နယ်စပ်ရေးရာညွန်ကြားရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစံရွှေအောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ဦးလှအောင်ညွန့်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။

မြေပုံမြို့နယ်တရားရုံးဆုံးဖြတ်ချက်အရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှအောင်ညွန့်အား ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly