ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး၏ တရုတ်ခရီးစဉ်အတွင်း သတင်းလွတ်လပ်ခွင့်ပြဿနာကို ဖြေရှင်းရန် RSF တိုက်တွန်း

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး၏ တရုတ်ခရီးစဉ်အတွင်း သတင်းလွတ်လပ်ခွင့်ပြဿနာကို ဖြေရှင်းရန် RSF တိုက်တွန်း

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချဲလ်ဘက်ချလက်၏ မေလတွင် သွားရောက်မည့် တရုတ်နိုင်ငံခရီးစဉ်အတွင်း နိုင်ငံ၏ ဆိုးရွားသော သတင်းလွတ်လပ်ခွင့် အခြေအနေအား ဖြေရှင်းပေးရန် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က တိုက်တွန်းထားသည်။

မေလတွင်သွားမည့် တရုတ်ခရီးစဉ်အတွင်းတွင် ဆိုးရွားလှသော သတင်းလွတ်လပ်ခွင့်အခြေအနေကို ဖြေရှင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချဲလ်ဘက်ချလက်အား ဧပြီ ၂၇ ရက်က RFS ၏ ပေးပို့သောစာတွင် တိုက်တွန်းထားသည်။

ယင်းကဲ့သို့ တရုတ်ခရီးစဉ်မျိုးသည် ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး တရုတ်အစိုးရအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် နေရာအတော်များများသို့ သွားရောက်ခွင့်ပြုထားသည်။

“ပြီးခဲ့တဲ့နှစ်တွေမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သတင်းထောက်တွေကို နိုင်ငံ့ဝါဒဖြန့်နယ်ရုပ်အဆင့်ထက်မပိုဘဲ ရှိနေစေတဲ့ ကမ္ဘာ့မီဒီယာစနစ်သစ်ကို မြှင့်တင်ရင်း သတင်းအချက်အလက်ကို ထိန်းချုပ်ပြီး နိုင်ငံသားတွေကို စောင့်ကြည့်တဲ့အပေါ်အခြေခံပြီးတော့ တရုတ်မှာ လူမှုစံနမူနာတစ်ခုကို ချမှတ်ခဲ့ပါတယ်။ သတင်းအချက် အလက် လွတ်လပ်ခွင့်ဟာ အခြားလူ့အခွင့်အရေးတွေအကောင်အထည်ဖော်ဖို့ အုတ်မြစ်ဖြစ်တာကြောင့် အကြာကြီး စောင့်ဆိုင်းခဲ့ရတဲ့ ဒီခရီးစဉ်မှာ ဦးစားပေးအဖြစ် ဆောင်ရွက်သင့်ပါတယ်” ဟု RFS ညွှန်ကြားရေးမှူးချုပ် ခရစ္စတိုဖီ ဒယ်လိုရီက ပြောသည်။

RSF ၏ တောင်းဆိုချက် ၅ ချက်မှာ လက်ရှိ ဖမ်းဆီးခံထားရသည့် သတင်းထောက်နှင့် သတင်းလွတ်လပ် ခွင့်အတွက် ခုခံကာကွယ်သူ ၁၂၄ ဦးကို လွှတ်ပေးရန်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို အာမခံသည့် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅ ကို ချက်ချင်း သက်ဝင်စေရန် ဖြစ်သည်။

သတင်းမီဒီယာစောင့်ကြည့်ရေးအဖွဲ့ကလည်း သတင်းသမားများအပေါ် နှောင့်ယှက်မှု အဆုံးသတ်ရန်နှင့် ဆင်ဆာဖြတ်တောက်မှုနှင့် မီဒီယာအား စောင့်ကြည့်ခြင်းတို့ကို ရပ်တန့်ရန် တောင်းဆိုထားသည်။

ထို့ပြင် ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ကာလကြာရှည်စောင့်ဆိုင်းခဲ့ရသော ကုလသမဂ္ဂမဟာမင်းကြီးရုံး၏ အစီရင်ခံစာကို ထပ်မံနှောင့်နှေးခြင်းမရှိဘဲ ထုတ်ပြန်ရန်လည်း တောင်းဆိုခဲ့ကြသည်။
 
တရုတ်အစိုးရသည် ၂၀၁၆ ခုနှစ်မှစ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဟူသော အမည်ဖြင့် ရှင်ကျန်းတွင် ဝီဂါများကို ပြင်းထန်သော ဖိနှိပ်မှုများ လုပ်ဆောင်လျက်ရှိပြီး ဥရောပကောင်စီ၏ Vaclav Havel Prize ဆုနှင့် ဥရောပပါလီမန်၏ Sakharov Prize ဆုရရှိထားသော ယခုအချိန်တွင် ခွဲထွက်မှုစွပ်စွဲချက်ဖြင့် ပြစ်ဒဏ် ကျခံနေရသည့် အီဟမ်တိုတီအပါအဝင် ဝီဂါ သတင်းထောက်နှင့် မီဒီယာပညာရှင် ၇၀ ထက်မနည်းကို ဖမ်းဆီးထားသည်။

RSF ၏ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်အညွှန်းကိန်းအရ ၂၀၂၁ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ တွင် တရုတ်သည် အဆင့် ၁၇၇ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required