ဝီဂါအကျဉ်းစခန်းမှလွတ်မြောက်လာသူများက ဂျီနီဗာရှိ ကုလရုံးရှေ့တွင် ဆန္ဒဖော်ထုတ်

ဝီဂါအကျဉ်းစခန်းမှလွတ်မြောက်လာသူများက ဂျီနီဗာရှိ ကုလရုံးရှေ့တွင် ဆန္ဒဖော်ထုတ်

တရုတ်အစိုးရကထူထောင်ထားသည့် ရှင်ကျန်းဒေသရှိ အကျဉ်းစခန်းများမှ လွတ်မြောက်လာသူအများစု ပါဝင်သော ဝီဂါတက်ကြွလှုပ်ရှားသူများသည် ဧပြီ ၂၅ ရက်က ဂျီနီဗာရှိ ကုလသမဂ္ဂရုံးရှေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရးအကြီးအကဲနှင့်တွေ့ဆုံခွင့်ပေးရေး တောင်းဆိုနေကြကာ ထိုသို့ဆန္ဒဖော်ထုတ်နေသည်မှာ ရက်သတ္တတစ်ပတ် ကြာမြင့်ပြီဖြစ်ကြောင်း RFA က ဖော်ပြသည်။

ရှင်ကျန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်ရေးထားသည့် ကြာမြင့်နေပြီဖြစ်သော အစီရင်ခံစာကို ထုတ်ပြန်ရန်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချဲလ်ဘက်ချလက်ကို တောင်းဆိုခဲ့ကြသည်။
 
ဘက်ချလက်သည် တရုတ်နိုင်ငံအနောက်ပိုင်းရှိ မတည်ငြိမ်သောဒေသအပါအဝင် တရုတ်သို့ မေလတွင် သွားရောက်ရန် တရုတ်အစိုးရနှင့် သဘောတူညီချက် ရရှိထားကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့သည်။

ဝီဂါများက ဘက်ချလက်အား တရုတ်နိုင်ငံသို မသွားမီ လူ့အခွင့်အရေးအစီခံစာကို ထုတ်ပြန်စေလိုပြီးခရီးစဉ်တွင် ချီလီသမ္မတဟောင်းကို အဖော်အဖြစ်ခေါ်သွားရန် တောင်းဆိုထားသည်ဟု ဆိုသည်။

“ရှင်ကျန်းမြို့တော် အူရမ်ကီက အကျဉ်းစခန်းတွေနဲ့ အကျဉ်းထောင်တွေဆီ သူတို့ကို ခေါ်သွားချင်ပါတယ်။ သူတို့နဲ့အတူ ကျွန်မတို့ ပါမသွားရင် တရုတ်က အစစ်အမှန်တွေကို မပြဘဲ အကွက်တွေဆင်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်မတို့က ဒီခရီးစဉ်မှာလိုက်ဖို့ တောင်းဆိုနေတာပါ” ဟု တက်ကြွလှုပ်ရှားသူ ဂူလ်ဘာဟာ ဂျယ်လီလိုဗာက ဆိုသည်။

ဂူလ်ဘာဟာ ဂျယ်လီလိုဗာက ဝီဂါများကို ကွပ်မျက်သည့်နေရာနှင့် သေဆုံးသူများ၏ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူသည့်ဆေးရုံကို ကုလသမဂ္ဂအဖွဲ့အား ပြသနိုင်သည်ဟု ဆိုထားသည်။ ဂျယ်လီလိုဗာသည် အူရမ်ကီသို့ အလုပ်ခရီးတစ်ခုသွားစဉ် အကြမ်းဖက်မှုအားပေးကူညီသည်ဟူသောစွဲချက်ဖြင့် ထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၇ မေလမှစ၍ ၁၅ လအတွင်း အကျဉ်းစခန်း ၃ ခုတွင် နေထိုင်ခဲ့ရသည်။

ကာဇက်စတန်ရှိ သူမ၏ ကလေးနှစ်ဦးက ကာဇက်အစိုးရထံ သံတမန်ရေးအကူအညီတောင်းခံကာ အယူခံဝင်ခဲ့မှုကြောင့် ၂၀၁၈ စက်တင်ဘာတွင် ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။
 
ညှင်းပန်းနှိပ်စက်မှုနှင့် အပြစ်မဲ့လူများ သေဆုံးမှုအပါအဝင် အကျဉ်းစခန်းများတွင် ရက်စက်ကြမ်းကြုတ်မှုအများအပြားကို မျက်မြင်တွေ့ခဲ့ရကြောင်း ဂျီလီလိုဗာက ပြောသည်ဟု RFA က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required