တရုတ်နှင့် ရုရှား ပူးပေါင်းစီမံကိန်းကြောင့် သဘာဝဓာတ်ငွေ့ရည်ရရှိမှု လျော့ကျသွားမည်ကို ဂျပန်စိုးရိမ်

တရုတ်နှင့် ရုရှား ပူးပေါင်းစီမံကိန်းကြောင့် သဘာဝဓာတ်ငွေ့ရည်ရရှိမှု လျော့ကျသွားမည်ကို ဂျပန်စိုးရိမ်

စွမ်းအင်ကုမ္ပဏီကြီး Shell နှင့် တရုတ်ကုမ္ပဏီများအကြား ရုရှားရှိ ရှက်ဟာလင်-၂ စီမံကိန်း၏ အစုရှယ်ယာများ အကြောင်း ဆွေးနွေးမှုသည် ယင်းစီမံကိန်းကို ရုရှားနှင့် တရုတ်တို့ လွှမ်းမိုးလာနိုင်ခြင်းကြောင့် ဂျပန်အနေဖြင့် သဘာဝဓာတ်ငွေ့ရည်(LNG)ရရှိမှုကို လျှော့နည်းလာနိုင်သည့်အပေါ် ဂျပန်က စိုးရိမ်ပူပန်နေသည်။

ရှက်ဟာလင်-၂ စီမံကိန်းသည် ရုရှား၏ ပထမဆုံး LNG စီမံကိန်းဖြစ်ပြီး အကြမ်းဖျင်း အစုရှယ်ယာ ၅၀ ရာခိုင် နှုန်းကို ပိုင်ဆိုင်ထားသည့် ရုရှားဓာတ်ငွေ့ကုမ္ပဏီ Gazprom က လုပ်ကိုင်နေကြောင်း Nikkie Asia က ဖော်ပြခဲ့သည်။

ရှယ်ယာ ၂၇ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် နံပါတ် ၂ ရှယ်ယာရှင် Shell သည် ယင်း၏ ရှယ်ယာအားလုံးကို ရောင်းချရန် China National Offshore Oil Corp၊ China National Petroleum Corp နှင့် China Petrochemical Corp.တို့နှင့် ဆွေးနွေးနေကြောင်း Nikkie Asia က အမေရိကန်နှင့် ဗြိတိန်မီဒီယာများကို ကိုးကား၍ ဖော်ပြခဲ့သည်။ 

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ စတင်ခဲ့ပြီးနောက် စီမံကိန်းမှ နုတ်ထွက်မည်ဟု လန်ဒန်စတော့ကုန်စည်ဒိုင်စာရင်းဝင် ကုမ္ပဏီ Shell က ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

သတင်းများအရ ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီးများဖြစ်သော Mitsui & Co. နှင့် Mitsubishi ကော်ပိုရေးရှင်းတို့ ကလည်း ၁၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ကြပြီး ရှက်ဟာလင်-၂ စီမံကိန်းသည် စွမ်းအင်လိုအပ်ချက်ကြီးမားသော ဂျပန်အတွက် အရေးပါသော စီမံကိန်းတစ်ခု ဖြစ်လာသည်။

ရှက်ဟာလင်-၂ စီမံကိန်း၏ ပို့ကုန်ခွဲတမ်းများသည် ရင်းနှီးမြှုပ်နှံမှုအရွယ်အစားနှင့် မဆိုင်ပေ။ နှစ်စဉ် ထုတ်လုပ် သော တန်ချိန် ၁၀ သန်းအနက် အကြမ်းဖျင်း ၆၀ ရာခိုင်နှုန်းသည် ဂျပန်နိုင်ငံသို့ တင်ပို့နေသည်။

အဆိုပါစီမံကိန်းသည် ရုရှားနိုင်ငံမှ ဂျပန်နိုင်ငံသို့ LNG တင်သွင်းမှုအားလုံးနီးပါးနှင့် ဂျပန်၏ LNG တင်သွင်းမှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု Nikkie Asia က ဖော်ပြခဲ့သည်။

ဂျပန်ကုန်သွယ်ရေးကုမ္ပဏီတစ်ခုမှ သတင်းရင်းမြစ်တစ်ခုအား ကိုးကား၍ Nikkie Asia က တရုတ်နှင့် ရုရှားတို့ က ရှက်ဟာလင်-၂ စီမံကိန်းအများစုကို ပိုင်ဆိုင်ထားသော်လည်း ရေရှည်စာချုပ်များသည် ဦးစားပေး ဖြစ်နိုင် ကြောင်းလည်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly