မုဒိမ်းကျင့် သတ်ဖြတ်သည်ဆိုကာ ဆယ်ကျော်သက်တစ်ဦးအား မှားယွင်း၍ သေဒဏ်စီရင်ခဲ့မှုအတွက် အရာရှိ ၂၇ ဦးကို တရုတ်အရေးယူ

မုဒိမ်းကျင့် သတ်ဖြတ်သည်ဆိုကာ ဆယ်ကျော်သက်တစ်ဦးအား မှားယွင်း၍ သေဒဏ်စီရင်ခဲ့မှုအတွက် အရာရှိ ၂၇ ဦးကို တရုတ်အရေးယူ

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁ ။         ။ လွန်ခဲ့သည့် အနှစ်၂၀က ဆယ်ကျော်သက်တစ်ဦးအား မှားယွင်း၍ သေဒဏ်စီရင်ခဲ့မှုအတွက် တရုတ်တွင် အရာရှိ ၂၇ ဦးကို အပြစ်ပေး လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ ရှင်ဟွာက ဇန်နဝါရီ ၃၁တွင် ဖော်ပြခဲ့သည်။

၁၉၉၆ ခုနှစ်က အသက် ၁၈ နှစ်အရွယ် ဟတ်ကျစ်လ်တုဆိုသူ အမျိုးသားလေးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အတွင်းမွန်ဂိုလီးယားပြည်နယ် ဟော့ဟော့ရှိ အထည်စက်ရုံတစ်ခု၏ အိမ်သာထဲတွင် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ် စီရင်ခံခဲ့ရသည်။

သို့သော်လည်း ၂၀၁၄တွင် ကျောက်ကျိဟောင်ဆိုသူ အမျိုးသားတစ်ဦးက အမှန်တကယ်ပြစ်မှုကျူးလွန်သူမှာ ၎င်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ၎င်းအား သေဒဏ်ချမှတ်လိုက်ပြီးနောက် ဟတ်ကျစ်လ်တုမှာ အပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာလိုက်ရသည်။

ဟတ်ကျစ်လ်တုအား မှားယွင်းအပြစ်ပေးမှုတွင် ပါဝင်သော အရာရှိများအနက်တစ်ဦးဖြစ်သူ ဖုန်ကျိမိန်မှာ အလုပ်နှင့် ဆက်နွယ်သောပြစ်မှုများကျူးလွန်သည်ဟု သံသယရှိသဖြင့် နောက်ထပ်စစ်ဆေး မှုများ ပြုလုပ်နေကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ရှင်ဟွာက ဖော်ပြခဲ့သည်။ ဟော့ဟော့ရှိ ပြည်သူ့လုံခြုံရေးဗျူရိုအကြီးအကဲဟောင်းတစ်ဦးဖြစ်သူ ဖုန်သည် တရားစွဲခံရမှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု ရှင်ဟွာက အစီရင်ခံသည်။

ရဲအရာရှိနှင့် တရားရုံးအရာရှိများပါဝင်သော အခြားအရာရှိ ၂၆ ဦးသည် သတိပေးခြင်း၊ ပြစ်ချက်မှတ်တမ်းတင်ခြင်းအပါအဝင် အုပ်ချုပ်ရေးဆိုင်ရာပြစ်ဒဏ်များ ရရှိခဲ့ကြသည်ဟု ရှင်ဟွာက ဖော်ပြခဲ့သည်။

သို့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များကို မဖောပြခဲ့ပေ။ ယင်းအမှုက တရုတ်၏ ကွန်မြူနစ်ပါတီက ထိန်းချုပ်သော တရားရေးစနစ်တွင် ချွတ်ယွင်းချက်ရှိနေကြောင်း မီးမောင်းထိုးပြနေ သည်။

၂၀၁၃ခုနှစ်က ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ ၉၉ဒသမ၉၃ရာခိုင်နှုန်းမှာ အပြစ်ရှိကြောင်းတွေ့ရှိရသည်ဟု တရားဝင်စာရင်းများတွင် ဖော်ပြထားသည်။ ဝန်ခံလာစေရန် အင်အားသုံးခြင်း မှာနိုင်ငံတွင် ကျယ်ပြန့်နေဆဲဖြစ်ပြီး တရားခံများမှာ ပြစ်မှုဆိုင်ရာတရားခွင်များတွင် ထိရောက်သည့်ကာကွယ်မှုများ မပြုလုပ်နိုင်ကြပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly